Thursday, May 29, 2014

ပြီးခဲ့တာတွေ ပြီးပါစေတော့


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် ညီမလေး ပြည့်တန်ဆာ ဖြစ်ခဲ့ရသလို


ခင်ဗျား အစ်မကြီးလည်း


စိန်တွေ ညွှတ်အိနေတဲ့ မင်္ဂလာ ခမ်းနား လုပ်ခဲ့ပြီးပြီပဲ


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် ဘကြီးတွေ လယ်မဲ့ ယာမဲ့ ဖြစ်တော့


ခင်ဗျား မိန်းမ ဘက် က နှစ်ဝမ်းကွဲ တူတော်သူတွေ မှာ


ကုမ္ပဏီတွေ နဲ့ နိူင်ငံ့စွမ်းဆောင်ရည်ဆုတွေ နဲ့


ပြီးခဲ့တာတွေ ပြီးပါစေတော့


အောင်လက်မှတ်လေးတွေ ကိုယ်စီ ကိုယ်ငှ


ဒုက္ခသည် အချုပ်ချ ဒီနိူင်ငံ က ပါ လို့ ပြောရင် နှာခေါင်းရှုံ့ကြ


ခင်ဗျား အစ်ကို တစ်ယောက်တော့


အင်္ဂလန် က ဘောလုံးအသင်းတစ်သင်း ဝယ်လိုက်တယ် ဆိုလား


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် တူမလေး တစ်ယောက်


ဘီယာဆိုင်တွေမယ် ည ည စံပယ်ပန်း လိုက်ရောင်းတော့


အမေ က ဆူတယ်


ခင်ဗျား တူမလေး တစ်ယောက်


လူရည်ချွန် ဖြစ်သွားတော့


ကို သူရသက်တင် နဲ့ ကျောင်းသားမိဘ


ထောင်ထဲ ရောက်သွားလေရဲ့


ပြီးခဲ့တာတွေ ပြီးပါစေတော့


မီတာခတွေ စျေးတက်သွားမှ မီး က ပိုပျက်လာ


တစ်ရက် ၂၀၀၀ ရရင် ခင်ဗျားရော ကျုပ်ရော လုံလောက်ပြီပဲ


မ.ဘ.သ ဆိုလား ၊ မ.ဘ.စ ဆိုလား


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးထောက်ခံခြင်းကပဲ


ကိုယ့် ကိုယ် ကို အပြစ်တင်မိမလို ဖြစ်ရဦးမယ် ဆိုလား


လူတွေ ထပ်သေချင်လည်း သေကြပါစေဗျာ


သဗ္ဗေသတ္တာ ကမ္မသကာပေါ့ ...


ပြီးခဲ့တာတွေ ပြီးပါစေတော့


ကျုပ် က ကာတွန်းတွေ ဆောင်းပါးတွေ စာရင်းတွေ နဲ့ အတောမသတ် ပြောရင်


ခင်ဗျား က အိပ်မက်ဆုံရာတွေ ၊ ကိုရီးယားကားတွေ ၊ ပဟေဠိနန်းတော်တွေ နဲ့


လှည့်ဖြားဦးမယ် မဟုတ်လား


ကျုပ် က ကိုယ်ပိုင်နံပါတ်တွေ ၊ ဗွီဒီယိုဖိုင်တွေ ၊ မျက်မြင်ပြည်သူတွေ အရ ပြောရင်


ခင်ဗျား က ကားပါမစ်တွေ ၊ ၁၅၀၀ တန်ဖုန်းတွေ ၊ တန်ဖိုးနည်း အိမ်ရာတွေ နဲ့


အာဆီယံ ဥက္ကဌ လုပ်ဦးမယ် မဟုတ်လား


ပြီးခဲ့တာတွေ ပြီးပါစေတော့လေ


ရွှေ လို့ သမုတ်ရင် ကိုယ့် ကိုယ် ကို ဂုဏ်တင်နေကြသူတွေ အပါအဝင်


လွန်ခဲ့သော နှစ်များစွာ က အတိုင်း


ကျွန် စနစ် ဟာ


ဒီ နိူင်ငံ မှာ အတိအကျ ထွန်းကားနေသေးကြောင်း


နောက်လာ နောင်သား များ ကို သာ ပြောပြကြပါစို့ရဲ့


PM 10:17 28th May 2014

1 comment:

Hoki88 said...

Thanks for your article brother

Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid

LinkWithin

Related Posts Plugin for WordPress, Blogger...