Monday, November 4, 2013

ပြင်ဦးလွင်



နှင်းစတွေ ချိတ်ဆွဲထားရာ မြို့ ...

အိပ်မက်မက်ခြင်း ဆေးတံကို သောက်လို့ ...

ပန်းဖိနပ် ကို စီးထားပြီး

ရောက်လေရာ ခလုတ်မထိ ဆူးမငြိမယ့် မြို့ ...

ဆယ်စုနှစ်များဆီက ၀န်ထုပ်ဝန်ပိုးများကို

ခုထိ မလေးမလံ သယ်ပိုးထားနိုင်တဲ့ မြို့ ...

"ထာဝရ" နဲ့ "တသက်တာ"

စာလုံးပေါင်း မတတ်လို့ ...

တစ်မြို့လုံးစာ ချယ်ရီတွေ မှား' ပျိုးထားမိတဲ့ မြို့ ...

အမြဲတမ်း သစ်ရွက်လေးတွေ ကြွေနေတဲ့ မြို့ ...

ပုစ္ဆာ အထုတ် မှားလို့ ...

ကိုယ့် မျက်ရည် ကိုယ် ငါးစာလုပ် မျှားမိတဲ့ မြို့ ...

၂၁ ရာစု အ၀င် မှာ

၂၀ ရာစု နှောင်း က ဇာတ်အိမ်မျိုး နဲ့

ကန့်လန့်ကာ တန်ဆာဆင်နေဆဲ မြို့ ...

ရေကျစမ်းလေးတွေ ရှိတယ် ။

နွယ်ပန်းလေးတွေ နဲ့ ဒန်းကလေး ရှိတယ် ။

လ' သာတဲ့ ညတွေမှာ

ရေမြုပ်ကုလားထိုင်တစ်လုံးပေါ်က

နဝေတိမ်တောင် မျက်လုံးတွေ ရှိတယ် ။

မဟာ' တပ် ခေါ်ရတဲ့ စေတီတော် ရှိတယ် ။

ပေ' လည်း မဟုတ် တူ' လည်း မဟုတ်ဘဲ

အမြဲတမ်း ပန်းပွင့်နေတဲ့ ဥယျာဉ် တစ်ခု ရှိတယ် ။

သစ်တောလမ်း က သွားပါ ။

မသာယာတဲ့ ဘ၀ကို

သာယာတဲ့ လမ်းကလေး ပေါ် တင်ကြည့်တဲ့အခါ

စိတ်ကူးတွေ ဟာ နုပျိုရုံသက်သက် အတွက်ပေါ့ ...

အဲဒီနေ့ က ...

မိုးလည်း မရွာ နေလည်း မသာ ခဲ့ပါ ။

အဲဒီနေ့ က ...

အဲဒီနေ့ က ...

အဲဒီနေ့ က ...

ဆိုတော့ ...

နေ့တဓူဝ နေ့တွေထဲမတော့ ...

အဲဒီနေ့ က အကြောင်းတွေ ထပ်မတွေးဖြစ်တော့ ...

မြို့ကလေး ဆီ ပြန်မရောက်မချင်း ။    ။





14th April 2005

LinkWithin

Related Posts Plugin for WordPress, Blogger...