Monday, September 17, 2012

History ခပ်ညံ့ညံ့ ငနဲတစ်ကောင် သံသရာထဲမှာ ပျော်နေခဲ့တယ်


ပင်လယ်ထဲ ရေငတ်နေရသလို

ပန်းမခူးရ ဆိုင်းဘတ်တွေ အပြည့် ပန်းခင်းထဲ ရောက်နေသလို

ဖျာလေးတစ်ချပ် နဲ့ ပွဲလန့်ချိန် စောင့်နေရသလို

မ၀ယ်ဘဲ အမြည်းစားလို့ ရတဲ့ ထိုးမုန့်ဆိုင်တန်းထဲ

ဝင်လျှောက်ဖြစ်တဲ့ ညနေခင်းတွေလို

သံသရာထဲမှာ ပျော်နေခဲ့တယ်



မနက်ဖြန် ၊ မနက်ဖြန် နဲ့ ပဲ

ညနက်နက်တွေထဲ ပေ' အိပ်ရ

လေညှင်းလေးတွေ ၊ မိုးဖွဲလေးတွေ နဲ့

နောင်ဆယ်စုနှစ်များစွာမှာ ... ဆိုတဲ့

စိတ်ကူး နဲ့ ပဲ

သံသရာထဲမှာ ပျော်နေခဲ့တယ်


ကြယ်တွေသီ

ခေတ်ပေါ် ဆက်သွယ်ခြင်းတွေ နဲ့

စိတ် တစ်ခု က စိတ် တစ်ခု ဆီ ချိတ်ဆက်ခဲ့

အချိန်တွေက အတောမသတ်ဘူး ထင်မိဟန် တူပါရဲ့

ကိုယ့် ကိုယ် ကိုယ် ညာနေကြ အတိုင်း ဆက် ညာ

သံသရာထဲမှာ ပျော်နေခဲ့တယ်

အချိန်တန်တော့ အိမ်ပြန်မယ်' လုပ်တယ်

အိမ်' လို့ စိတ်ကို သိအောင် ပြောကြည့်တယ်

စိတ်ကို စကားပြောရတာ ဒီတစ်ခါ အခက်ဆုံးပဲ

ဘ၀ဆိုတာ ပြေးနိုင်သလောက် ပြေး ဆိုလား ...

လူကောင်းဖြစ်ဖို့က လူဆိုးဖြစ်ဖို့လောက် မလွယ်ဘူး ဆိုလား ...

များလိုက်တဲ့ ... အဆိုအမိန့်တွေ ... ဒဿနတွေ ...

ဒီဘက် သတိ နဲ့ လိုက်မှတ်မိသမျှက

ဟိုဘက် သတိ နဲ့ သိလိုက်သမျှ လောကဓံမှာ

အလွယ်တကူ ပျောက်ဆုံးသွားတတ်ကြစမြဲ


ဒီလိုနဲ့ ...

History ခပ်ညံ့ညံ့ငနဲ တစ်ကောင်

သံသရာထဲမှာ ပျော်နေရခြင်းက

တင်ဆက်နေကြ သတင်းများ ပုံစံ

ပြီးပြီးပျောက်ပျောက် ။   ။





PM 11:30 16th SEPTEMBER 2012

Thursday, September 6, 2012

မြစ်ကြီးနား


သွေး ကို သွေး နဲ့ စကားပြောခဲ့ကြ

ကျွန်တော့်ဘက်က သိမ်းမထားတတ်မှု ဥာဉ်' အတိုင်း

ခင်ဗျား စိတ်တွေလည်း ပွင့်လင်းရိုးသားကုန်ကြ

တစ်ယောက် နဲ့ တစ်ယောက်ကြားမှာ

ဘယ်တုန်းကမှ မလိုအပ်ခဲ့တဲ့ အားနာခြင်းကို ထားခဲ့လိုက်နိုင်

ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း ဆက်ဆံ

ဒါကပဲ မြို့ရဲ့ ယဉ်ကျေးမှု ဖြစ်တယ် ။

အလုပ် ကို အလုပ် နဲ့ တူအောင် လုပ်တတ်တဲ့ မြို့

သီချင်း ကို သီချင်း နဲ့ တူအောင် ဆိုတတ်တဲ့ မြို့

အရက် ကို အရက် နဲ့ တူအောင် သောက်တတ်တဲ့ မြို့

အချစ် ကို အချစ် နဲ့ တူစေပြီး

အလွမ်း ကိုလည်း အလွမ်း နဲ့ တူစေခဲ့ ...


ကရိန်နော် ၊ ဂျော်ဘွမ်တောင် ၊ ဗလမင်းထင်

Kiss Me ၊ ပင်လယ်ကွေ့ ၊ ဂျိန်းဖောသူ

ကမ်းသာယာ ၊ Summer House ၊ ရွှေတောင်ဂါးဒင်း

အပန်းဖြေစရာ ... နားခိုရာ ...

စိတ် အင်ဂျင်ကို ပြန်လည် အားဖြည့်ရာ

ဘယ်နေရာပဲ ဖြစ်ဖြစ်

ခင်ဗျား သိပ်မုန်းတဲ့ ဟန်လုပ်ထားခြင်းတွေကိုတော့

တပြားသားမှ တွေ့ရမှာ မဟုတ်ဘူး ။


ချစ်သူလမ်းမှာ လျှောက်

တချို့သော ခင်ဗျား နှစ်ကာလများရဲ့ ပျောက်ရှမှုတို့ကို

စီးမျောနေတဲ့ ရေအလျဉ်နဲ့ ဖြစ်ဖြစ်

လွင့်ဝဲနေတဲ့ တိမ်စိုင်တွေကို ငေးမောရင်း ဖြစ်ဖြစ်

ဟိုးဘက်ကမ်းက တောင်တန်းတွေဆီမှာ ဖြစ်ဖြစ်

ပြန်လည် ရှာဖွေ တွေ့ရှိနိုင်ကောင်းရဲ့


ရံဖန်ရံခါ ဘာသာစကား ကွဲပြားမှုတွေ ကြုံရတဲ့အခါ

စိတ်အချင်းချင်း ဆက်ဆံရတဲ့ နွေးထွေးမှုရဲ့ အရသာကို

ခင်ဗျားလည်း နှစ်ခြိုက်လိမ့်မယ် လို့ မျှော်လင့်မိပါရဲ့

ရိုးရာဆန်တဲ့ အစားအစာတွေနဲ့

နှစ်ရှည်ပင်ကြီးများရဲ့ ဥတုရာသီမှာ

ခင်ဗျားလည်း မကြာမီ အသားကျသွားလိမ့်မယ် လို့

မျှော်လင့်မိပါရဲ့


မနီးမဝေး အရပ်ဒေသတွေဆီက

မကျေလည်မှုတွေ အကြောင်းတော့ ခဏဖြစ်ဖြစ် မေ့ထားရလိမ့်မယ်

ကိုယ့်ဘာသာ အစာရှာနိုင်ပါရက်နဲ့

စိတ်ကို သံကြိုးခတ်ခံထားရတဲ့ မျောက်တစ်ကောင်လို

တချို့ခြင်းရာတွေက လွတ်လပ်မှု လျော့ပါးနေနိုင်တာပဲလေ

ဧရာဝတီ ရဲ့ အစ

ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၆) ပေ ကျော် က

ဆုတောင်းတွေအကြောင်းတော့

ကျွန်တော်တို့ 

ဖြေးဖြေးမှ ပြောကြရအောင် မိတ်ဆွေ ... ။    ။






PM 11:48 5th September 2012

Friday, August 3, 2012

မြန်မာမေ


သူဟာ

မာလာမေ မဟုတ်ဘူး

မြန်မာမေ ...

စကားလုံးတွေ နဲ့

ကျုပ်တို့ကို ကယ်တင်

စကာလုံးတွေ နဲ့

ကျုပ်တို့ကို ဖြေသိမ့်

ကျွန်ုပ်တို့ အားလုံးအတွက်တော့

သူဟာ ကဗျာပဲ

အို ... မြန်မာမေ

သင့် နှုတ်က ထွက်တဲ့

စကားလုံးတွေဟာ

ကျောက်ဆောင်တွေကို တုန်လှုပ်

ယမ်းနံ့တွေကို နည်းပါးသွားစေရဲ့

စကားလုံးတွေအပေါ်

သင့် တန်ဖိုးထားမှုက

ကဗျာသမားတွေကိုတောင်

အံ့သြသွားစေခဲ့

အို ... မြန်မာမေ

ဒီစကားလုံးတွေကို

သင် ဘယ်က ရခဲ့ပါသလဲ

ဒီ စကားလုံးတွေရဲ့ တန်ဖိုး

သင် ဘယ်က သိခဲ့ပါသလဲ

မှန်ကန် ပြေပြစ် နားဝင်လွယ်သော

ရစ်သမ်တွေ

သင် ဘယ်သူ့ဆီက သင်ယူခဲ့ပါသလဲ

မပျော့တဲ့ နေရာ ဆိုလို့ ဒူးခေါင်းပဲ ရှိတယ်တဲ့

ဟုတ်တယ် မြန်မာမေ

တကယ်တော့

ဒီ စကားလုံးတွေက

အနှစ်နှစ် အလလ သိုမှီးထားခဲ့တဲ့

သင့် နှလုံးနံရံထဲက

တိုက်ရိုက် ထွက်ကျလာတာကြောင့်ပဲ

ဖြစ်မယ်

အို ... မြန်မာမေ

ကျွန်ုပ်တို့ မြေပုံပေါ်

ကဗျာဆန်တဲ့ စကားတွေ

ဆက်လက်ကြဲဖြန့်နေပါလော့

ချိုးဖြူငှက်ကလေးလို

သင် တိုးတိုးစကား ဆိုလို့

ဧရာဝတီ မြစ်ကြီးအပေါ်

လွှတ်တင်လိုက်ပါတော့

အို ... မြန်မာမေ

ဆုပေါင်း ၁၂၀ ကျော်

ကမ္ဘာမှာ

ဘယ်သူတွေ ရခဲ့ဖူးလည်းလို့

ကျွန်ုပ် သိချင်လိုက်တာ

စူပါ ပါဝါ နိုင်ငံရဲ့

ပထမဆုံး လူမည်း သမ္မတ နဲ့

ပထမဆုံး စကားပြောဖူးတဲ့

မြန်မာမက သင်ပဲ

အို ... မြန်မာမေ

သင်ဟာ သင့်အဖလိုပဲ

ကျွန်ုပ်တို့ မြန်မာပြည် မြေပုံပေါ်မှာ

ဘယ်တော့မှ မပျောက်ကွယ်သွားမယ့်

လေဆာ ဘွိုင်လာ အစက်ကလေးတစ်စက်

အသင်ဟာ

တိုင်းပြည် ကောင်းစားဖို့က လွဲလို့

ဘာမှ မလိုချင်သူ

မြောက်ကျွန်းသူ အတုလကာရီ ဖြစ်တယ်

အသင်ဟာ

ကျွန်ုပ်တို့ အားလုံး အတွက်

ဖန်ဆင်းရှင်က ဖန်ဆင်းပေးလိုက်တဲ့

မေတ္တာတရား ကြီးမားသူ သမီးတော် ဖြစ်တယ်

အကျွန်ုပ်တို့တွေရဲ့ ဒုက္ခကို

အသင်ပဲ ကောင်းကောင်းသိတယ်

အကျွန်ုပ်တွေရဲ့ အရာရာကို

အသင်ပဲ မျှတစွာ ညွှန်ကြားနိုင်တယ်

အသင်ဟာ

ကျွန်ုပ်တို့ အားလုံးရဲ့

နှလုံးသားတွေထဲက

ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့

စေခိုင်းမှုမှ မပါဘဲ

လွတ်လပ်စွာ တင်မြှောက်ထားတဲ့

ခေါင်းဆောင် ၊ မိတ်ဆွေ

မြန်မာပြည်ရဲ့ သွေးကြောတွေထဲ

အစဉ် ထာဝရ စီးဆင်းနေမယ့်

မြစ်မင်း ဧရာ

မြန်မာမေ

အို ... မြန်မာမေ

ကျွန်ုပ်တို့ ကိုယ်စား

အသင့်ကို

မြန်မာပြည် မြေပုံရဲ့

အလယ်ခေါင်တည့်တည့်မှာပဲ

နေရာချထား လိုက်ပါရစေတော့

အို ... မြန်မာမေ

မကောင်းသူပယ် ကောင်းသူကယ်

သင့်ရဲ့

တရား မျှတတဲ့

ကြယ်နှင်တံ နဲ့ ပဲ

ငါတို့ကို တည်ဆောက်

ငါတို့ကို အပြစ်ပေးပါလော့

အို ... မြန်မာမေ

အသင် လိုချင်တာတွေလည်း အသင် ရပါစေ

ကဗျာဆရာတွေ လိုချင်တာလည်း ကဗျာဆရာတွေ ရပါစေ

ကောင်းသောနေ့ပါ မြန်မာမေ ။    ။

ရိုး ဒီ

Monday, July 30, 2012

ထုသားပေသားကျတဲ့နေ့



ပျို့တက်လာသော အုံကြွမှုကို

မျိုချမိသည့်နောက်

အစာမှားသလို ဘာလိုလိုဖြစ်ခဲ့

(တကယ် ဖြစ်ခဲ့တယ် ။)

၂၁ တောစပ်အ၀င်ဝ မှာ

ငါ ဟာ ...

သွေးသားအတွက် လေး ၊ မြှား တို့ကို စွန့်ပစ်ခဲ့သူ …

ကြိုးစားခြင်းကို လေးလုံးစပ်၍ ရယ်ပွဲ ဖွဲ့ခဲ့သူ …

ဦးတည်ရာမဲ့ ကောက်ကြောင်းတို့နဲ့ ရှုပ်ထွေးခဲ့သူ …

(ဘယ်လိုလူလဲ …?)

ဒီလိုလူ အတွက်

`အိမ်´ကို နှစ်သက်ဖြစ်ရင်တောင်မှ

ကြမ်းအခင်းကို ဘီး (ဘိမ်း) လုံးတပ်

ငှက်မွှေးအကာ တို့ နဲ့ ပြည့်နှက်ဘိတဲ့

`လေထဲက တိုက်အိမ်´သာ ဖြစ်လောက်ရဲ့လေ ။


သွေဖည်နေခဲ့ပြီး ပြည့်စုံကျေနပ်မှု တို့မှ

ငါ့ကိုယ်ငါ ပက်လက်မျှောဖို့ရာ

လူတကာ ရဲ့ တံတွေးခွက်ကို လိုက်ရှာခဲ့

(ရှာသလိုလို လုပ်ခဲ့တာ …)

အစပြုဖို့ရာ လည်း စူးစမ်းရင်းမှာပဲ

အံ့သြထိတ်လန့်ဖွယ်ရာ

အစ ဟာ အဆုံးသတ်ခဲ့ပြီ ဖြစ်ကြောင်း သိခဲ့ရ

ငါ့ကိုယ်ငါ သဂြိုလ်ဖို့ရာ အတွက်

တစ်ဘ၀တာလုံး ဈာပန စရိတ်ကို လိုက်ရှာရမယ့် အဖြစ် …

ဖြစ်ရပ်တိုင်း သည် အဓိပ္ပာယ် ကိုယ်စီ ရှိသည် ဆိုပါအံ့

အဓိပ္ပာယ် တိုင်း အတွက် ဖြစ်ရပ်တို့ကို သာဓက ပြပါ ။
 



23rd September 2001

ဘုံဆိုင်က ကဗျာဆရာ



လက်ခုပ်တီးပေးသူတွေ ရှိသလို

ရေကိုင်ပြီး နံကြားကို ပွတ်သပ်ပေးလိုသူတွေ ရှိရဲ့

မျက်နှာဖုံးစွပ် အကြီးကြီး တစ်ခု နဲ့ သူတို့ အပေါ် ရိုးသားခဲ့

အလေ့ကျ ချဉ်ခြင်းတပ်မှုတွေ နဲ့ လည်း

လေချဉ်တက်တိုင်း အိတ်ကပ်ကိုပဲ စမ်း”စမ်း” နေမိ

မိတ်ဆုံစားပွဲ တွေမှာတော့

တောကမျောက် မြို့ရောက်နေသလို ...

ဘာကိုမှ စကားမစပ်မိလိုက်နဲ့

အဖြေတိုင်း အတွက် မေးခွန်းတချို့တောင် စဉ်းစားမတတ်

ဂုဏ်တင်စရာလိုလို ပြောနေဖြစ်သမျှတို့ အတွက်

ရင်ဦးခန်းမှာ ၀ိဝါဒတွေ ကွဲပြားနေဖို့ မလို

လူပေါင်းခြောက်သန်းကြားမှာ

သံစဉ်အမှန် နဲ့ တွန်ကျူးပစ်လိုက်ဖို့ ဆိုတာ

ဒီ ဘုန်းနိမ့်တတ်တဲ့ နေရာက

မသိစိတ် ရဲ့ လူရည်သွေးမှု ပြယုဂ် မျှသာ ဖြစ်တယ်။   ။





20th December 2003

မြစ်ပေါ်က ရှုခင်း


အစုန်အဆန် လှိုင်းကြက်ခွပ်ကလေးတွေထဲ

တက်မပါ ၊ ရွက်မပါ

လက် နဲ့ သာ ယက်တွားနေတော့ ...

သတိပေးတဲ့ အသံတချို့လည်း

အတော်ဝေးဝေးမှာ ကျန်ခဲ့ပြီ ။

သူရဲကောင်းယောင်ယောင် ၊ သူတောင်းစားယောင်ယောင်

ငွေကြေးကို အလေးမထားသူယောင်ယောင်
 
သရုပ်ဆောင်ခဲ့ ...

ကျရာ ဇာတ်ရုပ် အတိုင်း ပေါ့ ...

ဘ၀က လပေါင်း (၆၀) စာ နှေးကွေးလေးလံနေပြီး

လမင်းလေး ရှိတဲ့ည က ပဲ

မျှော်လင့်ချက် အ၀တ်တန်ဆာတွေ နဲ့

စိမ်းမြမြ စိုခဲ့ပေမယ့်

အိပ်မှုန်စုံမွှား စိတ်ကူးပေါက်ရာ မို့လား မသိဘူး

ဒီနေ့တော့

မနေ့ကလောက်ကို

အိပ်စက်ခြင်းမှာ ဆား” မပါ ...

ဖြစ်ပြီးရင်း ပျက်ပျက်နေတတ်တဲ့

သဘာဝ ဓမ္မ ကိုလည်း အမြင်ကတ်လိုက်ပ

ဒုက္ခကို ပိုးမွေးသလို မွေးလာပြီး

ဒီမျောက်ကို ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ပြောမရမှတော့ ...

ကဲ ... ဟစ်ပိုခရေးတီးစ်ရေ ...

ကျုပ် လှေဝမ်းထဲ ခဏလောက် ကြွခဲ့လိုက်ပါ

လရောင်ထဲ ဘ၀ကို ထည့်ပေါင်းမိရာက

ဟစ်ပိုခရေးတီးစ် နားနီး ဟစ်ပိုခရေးတီးစ် များ ... ဖြစ်မလား တွေးရမတဲ့ ...





13th January 2004

Friday, July 27, 2012

တသားတည်း ကျတဲ့ စိတ်



ဧဒင် ဒဏ္ဍာရီ ထဲက

အာဒမ် ရဲ့ နံရိုး ဟာ ဧ၀ ဖြစ်ခဲ့ သလို

ငါ့ အသွေးအသား နဲ့ ခန္ဓာမှာ

မင်းလည်း ပါမယ်လို့

ငါက ယုံမှတ်ထားခဲ့ပါတယ် ။

ကောင်မလေး ရယ် …

လက်သည်းဆိတ်တော့ လက်ထိပ်နာသတဲ့ …

အိမ်ရှေ့ပူတော့ အိမ်နောက် မချမ်းသာဘူး တဲ့ …

အရင်းလဲရင် အဖျား ထင်းဖြစ်တယ် တဲ့ …


တခါတခါ မှာ

ငါ လုပ်လိုက်မိတာတွေက

မင်း စိတ်ကူး စိတ်သန်း နဲ့ ထပ်တူ

မင်း ဖြစ်စေချင်တာတွေ ကလည်း

ငါ လွတ်လွတ်လပ်လပ် ပဲ ဆုံးဖြတ်ခဲ့သလို

နောက်ဆုံး …

မင်း အတွေးအခေါ် နဲ့ ငါ့ ခံယူချက် တို့ဟာ

တသတ်တမှတ်တည်း ဖြစ်ခဲ့ပြီး

မင့် အပေါ် ငါ့ ယုံကြည်ချက်ကလည်း

လေကို ရှူရှိုက်မိတိုင်း

ငါ့ ကိုယ်မှာ

အသက်ဓာတ် ရှိနေသေးတာလို သေချာခဲ့

ဒီလို နဲ့

ငါဟာ မင်းပဲ ဖြစ်နေပြီး

မင်း ဟာလည်း ငါပဲ ဖြစ်နေတတ်တယ် ဆိုတာ

ငါတို့မှာ ပိုခိုင်မာခဲ့ပေါ့ …


ကောင်မလေးရေ …

မင်းဟာ မင်း´အဖြစ် နဲ့ နေထိုင်တဲ့ အခါ

မင်းဟာ မင်း´အဖြစ် နဲ့ တွေးတောတဲ့ အခါ

မင်းဟာ မင်း´အဖြစ် နဲ့

ငါ့ ဘက်ကို လှည့်ကြည့်တဲ့ အခါ

မင်းဟာ မင်း´အဖြစ် နဲ့

ငါ့ကို လွမ်းဆွတ်မိတဲ့ အခါ

အဲဒီ အခြေအနေကို ပြန်သတိရ

ဘယ်နေရာ

ဘယ်အနေအထား

ဘယ်သူတွေ ကြားမှာပဲ ဖြစ်ဖြစ်

ငါ့ရင်မှာလည်း

မင်း စိတ်အတိုင်းပဲ

တည်ရှိနေတော့မှာ …။   ။





9th MAY 2007

လက်ခံလိုက်မယ်


ရေ ဆိုတာ

အရောင်ပါဖို့ မလိုဘူး ။

ခင်ဗျားတို့ ကျုပ်တို့

စွန့်စားခန်းမှာ

ကမ်းပါးနှစ်ဖက်

ကြိုးတံတားလေး နဲ့

ကူးဖြတ်ရတာလည်း ရှိဦးမှာပေါ့ ...

အိပ်မက်တွေ ပဲ မက်တတ်ရင်

အခန်းဆက် ဇာတ်ကြောင်း အဆင်မှာ

ဝင် မပါချင်နဲ့

အလှစိုက် ပန်းအိုးလေးတွေ

အလှမွေး ရွှေငါးလေးတွေ

အလှကြည့် ပန်းချီကားလေးတွေ

အလှ ...

အလှ ...

အလှ ...

ဒီလိုနဲ့ပဲ သုခုမ ဆန်နေတော့ မလား ။

ခါတော်မှီ စွင့်လန်းတတ်ဖို့ပါပဲလေ ...

သိပ် အဝေးကြီးတွေလည်း လျှောက်မတွေးလိုက်ပါနဲ့

ဒီနေ့ကိုတောင်

ကိုယ်တိုင်ကိုယ်ကျ

ကျကျနန

အစီအစဉ် ချလို့မှ မရတာ ...။   ။






15th November 2009

အယူခံ

ကိုယ့် ဒုက္ခ ကိုယ် ရှာခဲ့တဲ့ လမ်း

ရနံ့က လေညှင်းကို မရှောင်နိုင်တာလား

လေညှင်းက ရနံ့ကို မရှောင်နိုင်တာလား

တကယ်ဆို အချစ်မှာ အပြစ်မရှိပါဘူး ။

ဒဏ်ရာ အနာတရတွေ နဲ့

စည်းအပြင်ရောက်နေတာကလွဲလို့

ကဗျာဆရာ ဆိုတာလည်း လူ ပဲ

ဒုက္ခ နဲ့ တစ်ခါတွေ့တိုင်း

မိန်းမတစ်ယောက် ရဲ့ ရင်ခွင်ထဲ

တိုးဝှေ့ငိုရှိုက်ပစ်လိုက်ချင်တာပေါ့ ...

မပိုပါဘူး

ဒီ့ထက် မပိုပါဘူး

မလိုပါဘူး

ရမ္မက်တွေလည်း မလိုပါဘူး

ဆိတ်ကွယ်ရာ အမှောင်ထဲ

ကမ္ဘာပေါ်မှာ

ဘယ်သူမှ မပြောဘူးသေးတဲ့

စကားတစ်ခွန်း နဲ့

မင်း ရဲ့ အသံလေးကိုပဲ

ပြစ်မှားမိခဲ့တဲ့ ငါ

တကယ်ဆို

အချစ်မှာ အပြစ်မရှိပါဘူး ။

 ရိုးဒီ

23rd APRIL 2008

အမည်မဲ့ (၂)

အကယ်၍

နှင်းဆီခင်းထဲမှာ

မြက်ပင်လေးတစ်ပင် ပေါက်နေမယ် ဆိုရင်

နှင်းဆီပင် အနှုတ်ခံရမလား

မြက်ပင် အနှုတ်ခံရမလား

ဒီလိုနဲ့

မြက်ပင်လေး မသေခင် ပြောသွားတယ်

နာကြည်းစွာနဲ့ပေါ့ ...

ဟိုတစ်ချိန်တုန်းက

ဒီနေရာမှာ

မြက်ရိုင်းတောကြီးသာ ရှိခဲ့တာ

မမေ့ပါနဲ့ ...။   ။

SUNDAY NOON

မိုးနည်းရပ်ဝန်း ( ၂ )

မိုးတိမ်က

ကိုယ့်ကို ရယ်သွမ်းသွေးတယ်

တစ်ခုသော မွေးနေ့က ကိုယ့် ဆံပင်ကို နမ်းတယ်

သတင်း အတိအကျ မသိရတဲ့ သတင်းက

ကိုယ့် နှလုံးသားကို အစိုအခြောက် မြှောက်တယ် ။

နေမင်းကို သားရေကွင်း နဲ့ ပစ်တဲ့ ကလေးကို

သူ့ ကိုယ်စား

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ပါးပါမယ် ။

ခင်ဇော်မြင့်

L' isommie

ဟန်ဆောင်ကောင်းလွန်းတဲ့

လောကသားတွေ အလယ်

အမှန်တရားကို ဖွေရှာဖို့ အတွက်

အတွေးတစ်ချက်ပဲ လိုတယ် ။

နေပါစေ ... နေပါစေတော့ ...

ချစ်ခြင်း ၊ မုန်းခြင်းကင်းတဲ့ ကမ္ဘာကိုရောက်ဖို့

ငါ အိပ်ပျော်နေလို့ မရပါဘူး

ကောင်းကင်က ပထမဆုံး နှင်းစက်ရဲ့

မြေကမ္ဘာ အတွေ့အကြုံက ခါးသီးလွန်းတယ်။

တာဝန် ဆိုတာကလည်း

ဖိစီးနေသေးပြန်တော့

နှင်းစက်တွေ ... မိုးစက်တွေ

ဖုန်မှုန့် နဲ့ အတ္တတွေကြား

ရောပြွမ်းလို့ ကခုန်နေကြသေးလေရဲ့ ...

တကယ်ပါ

အိပ်မက်တစ်ခုလို

သက်တမ်းတစ်ခုက နိုးထချိန်

ချွေးစက်တို့ နဲ့

အဖြူရောင်လက်တွေက ကမ်းတဲ့

ပန်းပွင့်တွေကိုပဲ

ငါ

သီကုံးပန်ဆင်ခဲ့ပါတယ် ။   ။

SUNDAY NOON

ဆိုပါစို့

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်တယ် ဆိုပါစို့

ရွာကြီးတစ်ရွာ ထဲမှာ ကဗျာဆရာ တစ်ယောက် ရှိတယ် ဆိုပါစို့

ကဗျာဆရာတစ်ယောက် ထဲမှာ သီချင်းတစ်ပုဒ် ရှိတယ် ဆိုပါစို့

သီချင်းတစ်ပုဒ် ထဲမှာ နေကြာပန်းတစ်ပွင့် ရှိတယ် ဆိုပါစို့

နေကြာပန်းတစ်ပွင့် ထဲမှာ ဘုရားသခင် ရှိတယ် ဆိုပါစို့

ဘုရားသခင် ထဲမှာ အဆိပ်ခွက်တစ်ခွက် ရှိတယ် ဆိုပါစို့

အဆိပ်ခွက်တစ်ခွက် ထဲမှာ ငွေစကြေးစ ရှိတယ် ဆိုပါစို့

ငွေစကြေးစ ထဲမှာ ၀ံပုလွေတစ်အုပ် ရှိတယ် ဆိုပါစို့

ဝံပုလွေတစ်အုပ် ထဲမှာ အဏုမြှူဗုံးတစ်လုံး ရှိတယ် ဆိုပါစို့

အဏုမြှူဗုံးတစ်လုံး ထဲမှာ နွေဦး ရှိတယ် ဆိုပါစို့

နွေဦး ထဲမှာ ဂစ်တာတစ်လက် ရှိတယ် ဆိုပါစို့

ဂစ်တာတစ်လက် ထဲမှာ သံလွင်ခက်တစ်ခက် ရှိတယ် ဆိုပါစို့

သံလွင်ခက်တစ်ခက် ထဲမှာ သေနတ်တစ်လက် ရှိတယ် ဆိုပါစို့

သေနတ်တစ်လက် ထဲမှာ အကြမ်းဖက်ဝါဒ ရှိတယ် ဆိုပါစို့

အကြမ်းဖက်ဝါဒ ထဲမှာ နောင်တတရား ရှိတယ် ဆိုပါစို့

နောင်တတရား ထဲမှာ အတ္တ၀ါဒ ရှိတယ် ဆိုပါစို့

အတ္တ၀ါဒ ထဲမှာ အနုပညာ ရှိတယ် ဆိုပါစို့

အနုပညာ ထဲမှာ သေခြင်းတရား ရှိတယ် ဆိုပါစို့

သေခြင်းတရား ထဲမှာ ဘာမှ မရှိခြင်း ရှိတယ် ဆိုပါစို့

ဘာမှ မရှိခြင်း ထဲမှာမှ

ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ချမ်းသာချင်ယောင်ဆောင်ခဲ့တယ်

ဆိုပါစို့…….။ ။

ရိုးဒီ

နွယ်နီ , AUG: 07'

Thursday, July 26, 2012

ကျန်ရစ်သူ မိသားစု

အခုတော့…

အိမ်ကလေး ရဲ့ မိုးလေ၀သမှာ

စာကြည့်စားပွဲလေးလည်း မီးခိုးတိတ်

မီးဖိုချောင် မီးသီးလေးလည်း ကျွမ်း

အိမ်ရှေ့ ၀င်းတံခါးလေးလည်း

သံဆူးကြိုး မဲ့ ခဲ့ ပြီ…

ညှိုးရော်နေတဲ့ ခြံဝင်းထဲ



တခြမ်းပဲ့ မေတ္တာလမ်း

နွေ ၀င်္ကပါ

တရားသံ အဆုံးမှာ

မျက်ရည်နဲ့ ရေစက်ချခဲ့သူ

အိမ်ရှင်မရဲ့အလွမ်းတွေ

အမှောင်ထဲ ငေးငေးရီရီ။ ။

ရိုးဒီ
< ကာတွန်းမျိုးလေး သို့ >

စိန်ခေါ်ပွဲ

လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် လှည့်စားရာ ... လမ်းတလျှောက်

ငါ ... အပြုံးမပျက်ခဲ့ဘူးနော်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် ... ကျီစားတယ် ဆိုပေမယ့်

ငါ့ ကျောမှာ ဒဏ်ရာ အထပ်ထပ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နိုင်သူ စားစတမ်း

ဒီပွဲမှာ

ငါ့ ထမင်းလုတ် နင့်ကို ခွံ့ကျွေးလိုက်မယ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

ပန်းမ၀င်ခင်

ခြေထိုးခံခဲ့တဲ့ နင့်ကို

ငါ အနိုင်ပေးထားလိုက်ဦးမယ်


ကဲ ...

လောကဓံ ... ရေ


ဒီမှာ ကြည့်စမ်း

နင် အရမ်း မြင်ချင်နေတဲ့

ရှူံးသူ့မျက်နှာ

ငါ့ ဆီမှာ ရှိ ..... မရှိ

ရဲရဲကြည့်စမ်း

ငါ့ မျက်လုံးနဲ့ ငါ့ အပြုံး

နင် ရင်ဆိုင်ဝံ့ရင်

လောကဓံ ... ရေ

ကျောခိုင်းလိုက်တော့

ငါ့ လို အပြုံးမျိုး

နင်ပြုံးနိုင်ကာမှ

ငါ့ ကို စေ့စေ့ လာကြည့်လေ ...။   ။
 SUNDAY NOON

LinkWithin

Related Posts Plugin for WordPress, Blogger...