Saturday, September 21, 2013

ဖျား တဲ့ နေ့

အဝေးရောက် တမ်းတစိတ်တွေနဲ့

တခါတရံ

အဖေ့ကို လွမ်းလိုက်

တခါတရံ

အမေ့ကို လွမ်းလိုက်

တခါတရံ

အဲဒီအချိန် ရဲ့ ငါ့ကို လွမ်းလိုက်

လွမ်းစရာ ရှိ နာစရာ နဲ့ ဖြေ ဆိုပေမယ့်

ရံဖန်ရံခါ

အဲဒီ အနာလေးတွေ ပြန်လွမ်း

ကိုယ်အနားမှာ ကိုယ်ပဲ ရှိတဲ့ အခါ

အိပ်မက် ဟာ ဆားမပါတော့ဘူး

ကိုယ့် နဖူး ကိုယ် ပြန်စမ်းမိချိန်မှာ

အဖျားသွေး ဟာ တစ်ရာကျော်သွားခဲ့ပြီ ။

ဒီလို နဲ့

တခါသားတော့ …

မိဝေးဖဝေး မြို့ကြီးတစ်မြို့မှာ

အိုးပစ်အိမ်ပစ် အလွမ်းစစ်စစ် တွေနဲ့

သူမ တိုက်တဲ့ အမုန်းဆေးခါးတစ်ခွက် သောက်ရင်း

ကျွန်တော်

အလွမ်း ကိုယ်ခံအား ကောင်းခဲ့တော့တယ် ။   ။


နွန် လတ်

Saturday, September 14, 2013

အရူး


အဲဒီ့ မတော်တဆမှု ဖြစ်ပြီးတဲ့နောက် ...
သူလည်း ...
သွက်သွက်ခါအောင် ...
ရူးသွားရှာတော့တာပါပဲကွယ် ...

အဲဒီ့ လူ ...
အဲဒီ့ လူ ...
မမြင်ရတဲ့ အသံတွေ လိုက်နားထောင်လို နားထောင်
မကြားရတဲ့ ဓာတ်ပုံတွေ လိုက်ကြည့်လို ကြည့်
ပါးစပ်ကလည်း ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ... နဲ့
တတွတ်တွတ် ရွတ်နေပြန်တယ် ...

ကလေးတွေ က ၀ိုင်းအော်ပြီး စ' ကြတာပေါ့ ...
လူတချို့က တော့ ...
တွေ့ရတာ ကျက်သရေ ယုတ်သလိုလို
နှာခေါင်းရှုံ့သွားတတ်ကြတယ်
အရူး က တမူးသာ ပြီး
သူ က တခါတခါ ...
ဂစ်တာတွေ ဘာတွေတော့ တီးနေသေး
စိတ်မကောင်းစရာ က
သူ တီးနေတဲ့ ဂစ်တာက တစ်ကြိုး အပြတ်ကြီး နဲ့ ...

တစ်ခါတစ်ခါ
အရူး က လက်ထဲမှာ သခွားသီးတွေ ကိုင်ထားပြီး
ဘာကြောင့်မှန်းတော့ မသိဘူး
သခွားသီး ကို နမ်းနမ်းနေလေရဲ့ ...
ရွက်ဆုတ် ပြက္ခဒိန်တွေ ...
ပြလိုက်ရင်တော့ ...
အရူး က ထွက်ပြေးပါလေရော ...
အချိန်တွေကို ကြာအောင် စောင့်ရလေလေ
အချိန်တွေက ပိုလို့ ကြာသွားလေလေ သာ ဖြစ်ရ လို့
ပါးစပ် က လည်း အော်သွားရဲ့ ...

ညတွေဆို အရူး က မအိပ်ဘူး
လက်တွေ လေထဲ ဝှေ့ယမ်းပြီး
လေးဖြူ ရဲ့ ပြန်လာပါတော့ သီချင်း ကို
အကျယ်ကြီး အော်ဆိုနေတတ်တယ်
လူတွေ တွေ့ရင်တော့
အစွမ်းကုန် ပြုံးပြတတ်တယ် ...
ပြီးရင် ... သူ ဒီလို မပြုံးရတာ ကြာပြီ
ဖြစ်တဲ့အကြောင်း ...
သူ နားလည်သလို လိုက်လိုက် ရှင်းပြနေတတ်တယ်
ဘာဆေးမှားစားမိမှန်း မသိလို့ ရူးသွားတယ် လို့
သွားမရှင်းပြလိုက်ကြပါနဲ့ ဗျာ ...
အရူး တစ်ယောက် အတွက်
ဘာကြောင့် ရူးရတယ် ဆိုတာ သိရရင်
ရူးရတာ ပိုပြီး ရင်နာဖို့ ကောင်းသွားမှာ စိုးလို့ပါ ....

အရူး ဆိုတာ ...
ရူးနေရရုံ နဲ့ လောကမှာ လူဖြစ်ရကျိုးနပ်ပြီ လို့
အဲဒီ အရူး က ယူဆထားတယ် ထင်ပါရဲ့
ထမင်းလည်း မှန်မှန် စားပုံမပေါ်ဘူး
ရေလည်း မှန်မှန် ချိုးပုံမပေါ်ဘူး
တစ်နေ့ ...
မိုးကြီးလေကြီး ကျတော့ ...
အမြတ်တနိုး ... သိမ်းထားပုံ ရတဲ့ ...
လက်ကိုင်ဖုန်းဟောင်း
အခွံလေး တစ်လုံး ကို ကိုင်ထားတဲ့
အရူး ကို ...
အသက် မရှိတော့ဘဲ ... လမ်းပေါ်မှာ ... တွေ့ကြရတယ် ။    ။





PM 2:15 14th September 2013

Sunday, September 8, 2013

ဒီထက် ပိုလွမ်းတတ်ရင် လွမ်းလိုက်ဖို့ ...



လက်သာရာ ... အငိုတိတ်စေကွယ် ...
အလိုလို ဆိတ်သွားမယ့် ...
နှလုံးခုန်သံများ အကြောင်း မတွေးတော့ကြေး ...
အပြုံးတစ်ချက် နဲ့ စတင်' ပစ်ဖောက်ခဲ့လေတဲ့ ...
တိုက်ပွဲဟာ လည်း 
အနမ်းငွေ့ ... မျက်ရည်အစအန ...
အပိုင်းပိုင်း အထစ်ထစ် စိတ်ကူးများ နဲ့ ...
အဆုံးသတ်ခဲ့လေပြီ

ရမ္မက်တို့ ရဲ့ စေစားရာလမ်း အတိုင်း
မင်း' လှမ်းလျှောက်လာခဲ့တာ ... ဆိုကြပါစို့ရဲ့ ...
အသက်ရှူသံတွေ မြည်နေလိုက်ပုံ ကို က
ဒိန်းဒိန်းဒိုင်းဒိုင်း ... ဒိန်းဒိန်းဒိုင်းဒိုင်း ...
ဆင်မယဉ်သာ ကျီစားရာ
တစ်အိတ် လုပ်မိတဲ့ တစ်ဆိတ်မှာ မခံချိ မခံသာ
စိတ် နဲ့ တံဆိပ် ဟာ အလဲလဲ အကွဲကွဲ


ဒီထက် ပိုပြီးလည်း မတတ်နိုင်တော့ဘူးကွယ် ...
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ် လို ...
မင့် နာမ ကို
စဉ်ဆက်မပြတ် သတိရနေခြင်း ဆီ က
ဖြုတ်လိုက်ရ တပ်လိုက်ရ
ရှင်သန်လိုစိတ် လေး တစ်မှုန်တစ်မွှား ကို
ခြောက်ခြောက်ခြားခြား အိပ်မက်များ ဆီ က
အလုအယက် ဆွဲယူရ တွဲခေါ်ရ
နောက်ဆုံး အလွမ်းတစ်ရှိုက်စာ
မင့် အရိပ်တွေ အပေါ် ရိုကျိုးနေရခြင်း က ပဲ
ဒီ အဓိပ္ပာယ် အလုံးစုံ အပေါ်
အနှစ်သာရ  ပြည့်ဝစေခဲ့တော့တယ် ...    

PM 8:24 MAY 2012

Wednesday, September 4, 2013

လိုအပ်ချက် ထက် ပိုမို ကွဲပြား



ကိုယ့် သေနတ် ကိုယ် ကျည်ထိုး

မီးခတ်ကြတာချင်း အတူတူ

ဘယ်သူ့ ဥပဒေသ က

ရိုးမ နဲ့ လိုက်လျောညီထွေ ရှိနိုင်မတဲ့လဲ

ဂူပတ်ဝန်းကျင် ဆီ စောင့်ရှောက်

တစ်မိုးအောက် ဖျောက်ဆိပ် ...


ကိုယ့် ပယ်နယ်တီ ကိုယ် နေရာယူ

ကန်သွင်းကြတာချင်း အတူတူ

ဘယ်သူ့ ဘယ်ဘက်ခြေထောက် က

ရွှေလက်အိတ် ကို လွတ်ကျစေနိုင်မတဲ့ လဲ

အိမ်ကွင်း ၊ အဝေးကွင်း သတိရ

လက်ခုပ်သံ ရဲ့ ရသ နှစ်ခု ...

ကိုယ့် ဈေးဝယ်လမ်းညွှန် နဲ့ ကိုယ်

လှည့်ပတ်ကြတာချင်း အတူတူ

ဘယ်သူ့ ကန်သင်းရိုး က

ဘယ်သူ့ ပြဿဒ် ဖြစ်စေနိုင်မတဲ့ လဲ

ကမ္ဘာကြီး ပူနွေးလာမှု အရ ပဲ ဖြစ်ဖြစ်

ခေတ်ပေါ် ရှေးဟောင်း အနုပညာ ...


စေတသိက် အရ တွေးခေါ်ခြင်း ...

အသက်ရှခြင်း အလိုက် အဘိဓမ္မာ ...

ခင်ဗျားတို့ ... ကျွန်တော်တို့ ...

နေပျော်ချင်စရာ ... ကောင်းကြပါစို့ရဲ့ ...

အတွေ့အကြုံ ဆိုတာ ...

အနိဌာရုံ တွေ က လည်း ... ရတတ်တာမျိုး ... ။    ။





1st September 2011

LinkWithin

Related Posts Plugin for WordPress, Blogger...