Tuesday, December 24, 2013

ဒီဇင်ဘာ



ဒီဇင်ဘာ က အရောက် နောက်ကျတယ် ။

လွမ်းမြဲခန့် အလွမ်းဒီဂရီ ထက် ပိုပြီး လွမ်းရတယ် ။

Conservative ဥပဒေ အရ

ကြိုတင်လက်မှတ်များ အပေါ် တရားမဝင်ကြောင်း ကြေငြာလိုက်တော့

အနမ်း တစ်ရှိုက်စာ ဟာ

အလွမ်းသင့်ရာ တနံတလျား ခရီး ဆက်လက် ထွက်ခွာသွားပြီး

ဆောင်းအမီ သီချင်း ကို ပဲ

သံစဉ် နဲ့ တကွ အလွတ်ကျက် နေတော့တယ် ။

အိပ်မက်တွေ က နိုးလာတိုင်းလည်း

အိပ်မက်တွေအပေါ် ပိုပြီး မြတ်နိုးလာတယ်။

၂၀၁၃ ကတော့ Merry X'Mas နဲ့ Happy New Year သီချင်းတွေ ကို

မှိုင်းမှိုင်းသွေ့သွေ့ တိုးတိုးညှင်းညှင်း ဖွင့်လို့ ...

မဝတ်ဆင်ရသေးတဲ့ အင်္ကျီတွေ လို

မရောက်ရှိသေးတဲ့ အလည်အပတ် အချိန်တွေ လို

အသစ်ကျပ်ချွတ် မျှော်လင့်ချက် တွေ အတွက်

အဝေးရောက် အနမ်း တို့ ဟာ

အိပ်မက်တွေ ကို ပျိုးထားတဲ့ အခန်းလေး ထဲ

ကောင်းသောညပါ ဆိုတဲ့ နှုတ်ဆက်စကား

ဘယ်သူ့ဘယ်သူမှ မကြားရတဲ့

၂၅ ကျပ်တန် စာတိုလေးများ နဲ့

ညစဉ် ညစဉ် သစ္စာတရားကို ပဲ ခပ်တင်းတင်းလေး ဖက်ထားပြီး

အိပ်ရာဝင်ခဲ့ပါတယ် ။

အဲ့ဒီနှစ် ရဲ့ ဆောင်း စစ်စစ် နှင်း တို့ ဟာ

အပြင်ကမ္ဘာ မှာတော့

မြောက်လေ နဲ့ အတူ

တသုန်သုန် တလွင့်လွင့် ... ။







11:45 AM 24th December 2013

Monday, December 23, 2013

ဒီနှစ် အအေးပိုတယ်



စက္ကူတွေပေါ် ခြင်္သေ့တံဆိပ် ရိုက်နှိပ်လိုက်ကြတယ်

တချိန်က ညနေခင်းတွေတော့

မိုးစုန်းစုန်း ချုပ်ခဲ့ရှာပြီ ။

အများသူငါ ရယ်မောဖို့ရာ

သင့်အတွက် မနက်ဖြန်

ထုတ်လွှင့်ရန် အစီအစဉ်သစ် မရှိသေး ...

ခေတ် စီးမျောပုံ ကို က

အရင်လို အရင်ကအတိုင်း

ဖြေးဖြေး ... နှေးနှေး ...

ဘာကို အလိုမကျ ဖြစ်ရမလဲ

ဘာကိုရော အလိုတကျ ဖြစ်ရမလဲ

နောက်ကွယ်က အကြောင်းတွေပဲ

များများလာနေ ...

အမေက မွေးတဲ့ အသက် နဲ့

လူးပါးဝ တတ်အောင် လုပ်ယူရမလို ဖြစ်နေတဲ့ စိတ် ကို

ထောင့်မှန်ကျအောင် ခေါက်ချိုးချိုးပြီး

လောကထဲ လွှတ်တင်လိုက်ပါတယ်

အိပ်မက် အစုံစုံ ဟာ

လေယူရာ ...

ယိမ်းနွဲ့ရာ ...






PM 8:45 21st December 2013

LinkWithin

Related Posts Plugin for WordPress, Blogger...