Wednesday, July 10, 2013

စီးချင်းပွဲ


သံယောဇဉ် ဆိုတာ ...

ဘယ်သူ့ဘက်ကမှ စတင် ပစ်ဖောက်စရာ မလိုတဲ့

မောင်းတင်သံ တစ်ချက်ပဲ ...

ခြောက်' ခနဲ ...

မျှော်ရီ ရှုခင်းတွေနှယ် ...

စိမ့်ပေါက်ကျစမ်းတွေနှယ် ...

တသွေ့သွေ့ တမြေ့မြေ့ ...

အခါခါ အလီလီ ကြွေပွင့်ခဲ့ပြီးသော ပန်း' ဖြစ်တယ်

ထပ်ကာ ထပ်ကာ ထပ်မေးစရာ မလိုတဲ့ ကြေငြာချက်' ဖြစ်တယ်

ခင်ဗျား မသိရင် ခင်ဗျားက လူမိုက် ပေါ့

စစ်ပွဲကြီး ပြီးပါပြီ ဆိုမှ

ကိုယ့် ဓါး ကိုယ် ထုတ်သွေးဖော် ရတဲ့ လူမိုက် ပဲ

တရေးနိုး ချွေးစေးတွေနဲ့ နိုးလာမှ

ကိုယ့် ခြောက်ခြားရာ ကိုယ် အစအဆုံး ပြန်စဉ်းစားတဲ့ လူမိုက် ပဲ

ဘယ်စိတ်ကူးကမှ အဲ့လောက် အချိန် မဟဘူး

တွေးမိ ... သိလွင့် ... ၀ဲပျောက်

နေသာ နေခဲ့ပါတယ် လေသာ နေခဲ့ပါတယ်

ဟို ခူရားကောင်ကလေးတုန်းကလည်း

ခင်ဗျား ဆက်' လျှောက်လာခဲ့တယ်

ဟို နွံကျကလေး အချိုးအကွေ့တုန်းကလည်း

မမြင်ရတဲ့ ကောင်းကင်ပဲ ခင်ဗျား မော့ကြည့်နေခဲ့တယ်

ဟို ဆူးရိုင်းကလေး အရှ' မှာလည်း

ခင်ဗျားက စိတ် ကိုပဲ အခွင့်အရေးသမား လို့

ပြစ်တင် ရှုံချခဲ့တယ်

အရုပ်ကြိုးပျက် ဒီဘ၀ ဒီမျှ ဆိုတဲ့

သီချင်းသံ ကြားမှ

ခင်ဗျား စုတ်သပ်တော့ ...

ရယ်ချင်သလို ဖြစ်မိတဲ့ ကျုပ် တော့ ရှက်သွားတယ် ။    ။

                                                                                  


        
  PM 8:15 9th July 2013

LinkWithin

Related Posts Plugin for WordPress, Blogger...