Thursday, June 19, 2014

အကယ်၍



အကယ်၍
မင်း အသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့် လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့ အခါ
မင်းဟာ ခေါင်းအေးအေး နဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင် ။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကို မင်း ယုံကြည်မှု အပြည့် ရှိမယ် ဆိုရင် ။

အကယ်၍
စောင့်သင့်တဲ့ အချိန် ကို စောင့်နိုင်ပြီး
အဲ့ဒီအတွက်လည်း မမောမပန်း နေနိုင်မယ် ဆိုရင် ။

ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင် ။

ဒါမှမဟုတ်
မင်းကို လူတကာ က ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူး ဆိုရင် ။

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မှာ မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ် ဆိုရင် ။
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင် ။

အကယ်၍
အောင်မြင်မှု သုခ နဲ့ ဆုံးရှူံးခြင်း ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ် လို့
ခံယူထားနိုင်မယ် ဆိုရင် ။

အကယ်၍
မင်း ရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာ နဲ့ နာကြားနိုင်မယ် ဆိုရင် ။

အကယ်၍
မင်းဘဝတစ်ခုလုံး ပေးပြီး
အရိပ်တကြည့်ကြည့် နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာ နဲ့
ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင် ။

အကယ်၍
မင်း နိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်း နဲ့ ဆုံးရှူံးသွားခဲ့ရင်

ပြီးတော့
အစကနေ ပြန်စနိုင်မယ် ဆိုရင် ။

ပြီးတော့ တခါ
ဆိုးလှတဲ့ ကံကြမ္မာကိုရယ် လို့
ဘယ်သောအခါမှ ညီးညူ မနေဘူး ဆိုရင် ။

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ် ဆိုရင် ။

အဲ့ဒီလိုပဲ
မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲ့ဒီ စိတ်အင်အားကို ခိုင်မာစွာ နဲ့ ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် ။

အကယ်၍
လူတွေ နဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင် ။

ဒါမှ မဟုတ်
မင်းဧကရာဇ်တွေ နဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူး ဆိုရင် ။

အကယ်၍
ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို သိပ်ပြီး နာကြည်းအောင် မလုပ်နိုင်စေရင် ။

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင် ။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ် ဆိုရင်

ငါ့သားရေ
မင်းဟာ အရာရာ ရှိတဲ့ အရာရာ ဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ ။

အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တယောက်ပေါ့ ။    ။






အောင်ဆန်းစုကြည်

IF



If you can keep your head when all about you
    Are losing theirs and blaming it on you.
If you can trust yourself when all men doubt you,
    But make allowance for their doubting too;
If you can wait and not be tired by waiting,
    Or being lied about, don't deal in lies.
Or being heard, don't give way to hating,
    And yet don't look too good, nor walk too wise:

If you can dream- and make dreams your master;
    If you can think- and not make thoughts your aim;
If you can meet with Triumph and Disaster
    And treat those two impostors just the same;
If you can bear to hear the truth you've spoken
    Twisted by knaves to make a trap for fools,
Of watch the things you gave your life to, broken,
    And stoop and build'em up with worn-our tools;

If you can make one heap of all your winnings
    And risk it on one trun of pitch-and-toss,
And loose, and start again at your beginnings
    And never breathe a word about your loss;
If you can force your heart and never and sinew
    To serve your turn long after they are gone,
And so hold on when there is nothing in you
    Except the will which says to them: "Hold on!"

If you can talk with crowds and keep you virtue,
    Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
    If all men count with you, but none too much;
    If you can fill the unforgiving minute
        With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And-which is more-you'll be a Man, my son!

Rudyard Kipling   

Thursday, May 29, 2014

ပြီးခဲ့တာတွေ ပြီးပါစေတော့


ပြီးခဲ့တာတွေ ပြီးပါစေတော့

ကျုပ် ညီမလေး ပြည့်တန်ဆာ ဖြစ်ခဲ့ရသလို

ခင်ဗျား အစ်မကြီးလည်း

စိန်တွေ ညွှတ်အိနေတဲ့ မင်္ဂလာ ခမ်းနား လုပ်ခဲ့ပြီးပြီပဲ

ပြီးခဲ့တာတွေ ပြီးပါစေတော့

ကျုပ် ဘကြီးတွေ လယ်မဲ့ ယာမဲ့ ဖြစ်တော့

ခင်ဗျား မိန်းမ ဘက် က နှစ်ဝမ်းကွဲ တူတော်သူတွေ မှာ

ကုမ္ပဏီတွေ နဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆုတွေ နဲ့

ပြီးခဲ့တာတွေ ပြီးပါစေတော့

အောင်လက်မှတ်လေးတွေ ကိုယ်စီ ကိုယ်ငှ

ဒုက္ခသည် အချုပ်ချ ဒီနိုင်ငံ က ပါ လို့ ပြောရင် နှာခေါင်းရှုံ့ကြ

ခင်ဗျား အစ်ကို တစ်ယောက်တော့

အင်္ဂလန် က ဘောလုံးအသင်းတစ်သင်း ဝယ်လိုက်တယ် ဆိုလား

ပြီးခဲ့တာတွေ ပြီးပါစေတော့

ကျုပ် တူမလေး တစ်ယောက်

ဘီယာဆိုင်တွေမယ် ည ည စံပယ်ပန်း လိုက်ရောင်းတော့

အမေ က ဆူတယ်

ခင်ဗျား တူမလေး တစ်ယောက်

လူရည်ချွန် ဖြစ်သွားတော့

ကို သူရသက်တင် နဲ့ ကျောင်းသားမိဘ

ထောင်ထဲ ရောက်သွားလေရဲ့

ပြီးခဲ့တာတွေ ပြီးပါစေတော့

မီတာခတွေ ဈေးတက်သွားမှ မီး က ပိုပျက်လာ

တစ်ရက် ၂၀၀၀ ရရင် ခင်ဗျားရော ကျုပ်ရော လုံလောက်ပြီပဲ

မ.ဘ.သ ဆိုလား ၊ မ.ဘ.စ ဆိုလား

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးထောက်ခံခြင်းကပဲ

ကိုယ့် ကိုယ် ကို အပြစ်တင်မိမလို ဖြစ်ရဦးမယ် ဆိုလား

လူတွေ ထပ်သေချင်လည်း သေကြပါစေဗျာ

သဗ္ဗေသတ္တာ ကမ္မသကာပေါ့ ...

ပြီးခဲ့တာတွေ ပြီးပါစေတော့

ကျုပ် က ကာတွန်းတွေ ဆောင်းပါးတွေ စာရင်းတွေ နဲ့ အတောမသတ် ပြောရင်

ခင်ဗျား က အိပ်မက်ဆုံရာတွေ ၊ ကိုရီးယားကားတွေ ၊ ပဟေဠိနန်းတော်တွေ နဲ့

လှည့်ဖြားဦးမယ် မဟုတ်လား

ကျုပ် က ကိုယ်ပိုင်နံပါတ်တွေ ၊ ဗွီဒီယိုဖိုင်တွေ ၊ မျက်မြင်ပြည်သူတွေ အရ ပြောရင်

ခင်ဗျား က ကားပါမစ်တွေ ၊ ၁၅၀၀ တန်ဖုန်းတွေ ၊ တန်ဖိုးနည်း အိမ်ရာတွေ နဲ့

အာဆီယံ ဥက္ကဌ လုပ်ဦးမယ် မဟုတ်လား

ပြီးခဲ့တာတွေ ပြီးပါစေတော့လေ

ရွှေ လို့ သမုတ်ရင် ကိုယ့် ကိုယ် ကို ဂုဏ်တင်နေကြသူတွေ အပါအဝင်

လွန်ခဲ့သော နှစ်များစွာ က အတိုင်း

ကျွန် စနစ် ဟာ

ဒီ နိုင်ငံ မှာ အတိအကျ ထွန်းကားနေသေးကြောင်း

နောက်လာ နောင်သား များ ကို သာ ပြောပြကြပါစို့ရဲ့


PM 10:17 28th May 2014

ရုပ်ရှင်



၉၂.၄၈ ရာခိုင်နှုန်း က ထောက်ခံခဲ့တယ် ဆိုတာ ... ရယ်စရာ

သန်းခြောက်ဆယ် မှာတော့ ဒေါ်လာ ၁၀၀၀ အောက် ဝင်ငွေ နဲ့

သိက္ခာ နဲ့ အဆင့်အတန်း အကြောင်း

လူထုခေါင်းဆောင် က ပြောတော့

အခြေခံ အကျဆုံး အရှက် နဲ့ စာရိတ္တ ချို့တဲ့တာတွေ အပေါ်

ကိုယ်တိုင် ပဲ ရှက်မိပါရဲ့

လက်ခုပ်မတီးရ ၊ အလံဝှေ့ယမ်း လက်ကမ်း မကြိုရ

၃၉၂ မဲ နဲ့ ၁၀ မဲ

၁၉၉၀ လို့ ပြန်တွေးရင် အခု က ၂၄ နှစ် ကြာခဲ့ပြီ

သာရာကူး နိုင်ရာစား ချီး(ချေး)ကျရာပျော်

ပါးအရိုက်ခံရတာကိုမှ နေသာ ထိုင်သာ

တူညီဝတ်စုံ မြင်ရင် လန့်ထိတ်နေရတာကိုမှ

စည်းကမ်းရှိ စနစ်ကျတယ် ... ထင်

နောက်ထပ် မျိုးဆက်တွေကို သာ

သတိဆွဲ မိကျောင်းတွားတက်ခိုင်းတတ်ဖို့ သင်

ရက်ဘတ်တလာ ပြောသလို

တစ်ဦးတစ်ယောက်တည်း ချမ်းသာဖို့ လုပ်ကြမလား

ဆွန်ယက်ဆင် လို ဂန္ဒီ လို

သမိုင်း ကို ပြန်ပြောကြရင်

ကိုယ့် သတ္တိ အကြောင်း ပါချင်ကြမလား

ခင်ဗျားတို့ ကြိုက်ရာရွေးပါ

ပိတ်ကား ထက်မှာ

ဇာတ်လမ်း ကတော့ ... ဆက် ပြနေပြီ ။    ။





PM 9:40 28th May 2014

ဒီတော့



အတူတွေ့ရင် ပွင့်ရီမယ့် အနမ်းများအတွက်

ငါတို့ နှုတ်ခမ်းများမှာ မုသား ကင်းစင်ဖို့ လို

တစ်ဦး သတိရခြင်း ဟာ

အခြား တစ်ဦး အတွက်

မိုးသားကင်းစင်သော ကောင်းကင် နှယ် ကြည်လင်

လိင်မှု ကိစ္စ ၊ စားဝတ်နေရေး ၊ နှစ်ဖက်ဆွေမျိုးသိုင်းဝိုင်း

လူမှုရေးရာ ၊ ဘဝ အာမခံချက်

အစရှိသော ... ထုံးတမ်းစဉ်လာများ အရ

ငါတို့ မေတ္တာတရား ဟာ

စိတ်ကူးထားမိသလို သိပ်ကြီး မခမ်းနားတော့ ...

အချစ် ဆိုတာ ...

တစ်ယောက် မျှော်ရီတမ်းမူးခြင်းမှာ

တစ်ယောက် က ရူးသွပ်ထားတဲ့ သွေးသားဆန္ဒ

ဘယ်သူမှ မမှားကြ

ဘယ်သူမှလည်း မမှားချင်ခဲ့ကြ

စနစ် မှားရင်တော့ ခေတ် ပေါ့

လူ မှားရင်လည်း မူ ကြောင့်

မဲ အနည်း အများ ရေတွက်ပုံ အရ

ရံဖန်ရံခါ

အချစ် သီးသန့် တောင်းဆိုမှု တို့သည်

လွမ်းခန်း ၌ သာ အဆုံးသတ်လေ၏ ။





PM 9:20 28th May 2014

Monday, May 19, 2014

ဒီလိုနဲ့


ဥဒဟို ကားတွေ ၊ ဆိုင်ကယ်တွေ

အလျားလျားအထွေထွေ မီးရောင်စုံ လူရောင်စုံတွေ

မျက်စိတဆုံး လမ်းတဆုံး မီးခိုးမဆုံး မိုးမဆုံး

အိမ်အပြန် လူခြေတိတ်တိတ်

တစ်ဆိုင်ဆိုင်မှာ ...

အလုပ်တွေ ၊ အိပ်မက်တွေ တပုံတပင် နဲ့

မနက်ဖြန်တိုင်းဟာလည်း

အားလပ်ရက် နဲ့ ဝေးကွာလို့

သက်ပြင်း ဟာ ပျင်းပျင်းပျပျ တိုးထွက်သွားခဲ့

နှစ်ယောက်လုံး ကြိုက်တတ်တဲ့ သီချင်းတွေ

တစ်ယောက်တည်း

နားကြပ်တစ်စုံ နဲ့ ခပ်တိုးတိုး နားထောင်လို့

ရယ်စရာတွေ ပြောဖြစ်ကြပေမယ့်

ငါတို့ မောနေခဲ့ကြတယ်

လောကဓံ ရဲ့ ရွှေ့ကွက်တွေထဲမှာ

ကိုယ့် သမိုင်း ကိုယ် ရေးကြမယ် လို့ လည်း

ကယောင်ကတမ်း အော်တဲ့အခါ အော်မိခဲ့ကြတယ်

သတိရတဲ့ အရောင် နဲ့

အုံ့မှိုင်းသွားသော ညနေ ဟာ

ရွာရန်ရွာနှုန်းသက်သက် သတင်းတစ်ပုဒ် လို

အထိမ်းအမှတ်နေ့ မှာ ဝတ်မယ့် ဝတ်စုံတွေ ဟာ

သေတ္တာထောင့်ခြေလေးမှာ သေသေသပ်သပ် သိမ်းခေါက်လို့

မနက်ဖြန် မနက်ဖြန် နဲ့

ယုံကြည်ချက် ကိုပဲ အထပ်ထပ် ရေလောင်းပေါင်းသင်လို့

အိုအေစစ်တွေ အကြောင်း စကားမစပ်ကြတော့ဘူး

စာတိုစာရှည်တွေ အကြောင်း အစမလုပ်ကြတော့ဘူး

စကားလုံးတချို့ဟာ စိတ်မှာပဲ ခဏ ခဏ ပြယ်ပျောက်လို့ ...

ကြိုးတန်း'လမ်း နဲ့ ချောက်ကမ်းပါးနေ့တွေ ကြားမှာ

မိနစ်အနည်းငယ်စာ အသံပါးပါးတွေ အရ

ညတွေလည်း ငြိမ်သက်တိုးလျသွားတော့တယ် ။    ။



 

 

PM 9:40 15th May 2014

Monday, May 5, 2014

အဲဒီတုန်းကတော့ ...


သျှိသျှားရွက်ရှည်လေးတွေ ... ယိမ်းသွဲ့ခတ်ခတ်

 ဗာဒံစိမ်းရွက်နုလေးတွေ ... ရှိုးတိုးရှန့်ရှန့်

 လေပြေ အနွဲ့ ...

 ဖုန်မှုန်လေးတွေ ...

 ဧည့်ခန်း ဆီ ... တလူးလူး တလွင့်လွင့်

 ခြံ ထဲ ...

 ရွက်ခြောက်ငယ်များ ...

 လေယူရာ ... တငြိမ့်ငြိမ့် တသောသော

 မခိုင်ခန့်သော တံခါးချိတ်တွေ ... ပြန်ပြန်ချိတ်ရ

 လွင့်ဝဲသွားသော အင်္ကျီချိတ်တွေ ... ပြန်ပြန်ကောက်ရ

 စိတ်တံခါး တစ်ချပ်တော့ ပိတ်မရ

 လွန်ခဲ့သော လများ ရက်များဆီ

 တစ်ရက်ချင်း တစ်နေ့ချင်း ... ရွေ့ကာ တွားကာ ...

 နှုတ်ခမ်းနီ ဆိုး' မထားတဲ့ နှုတ်ခမ်းလေးတွေ ...

 မှုန်နံ့သာ ခြယ်သ' မထားတဲ့ ပါးနုနုလေးတွေ ...

 အရေပြားပါးပါးအောက်က သွေးကြောမျှင်လေးတွေ ...

 မောမော နဲ့ ရှိုက်ဖြစ်လိုက်တဲ့ ပင့်သက်တွေ ...

 ရိပ်ကာဝဲကာ ... ဝေ့ကာသီကာ ...

 အစောက ... မောင်' လို့ ရေရွတ်မိလိုက်ဦးမလား ...

 နားထဲမှာ ...

 ဟိုး ... မိုင်ပေါင်းများစွာ က ခေါ်သံသဲ့သဲ့ ကို

 ကြားလိုက်ရသလိုလို ...

 ရေသန့်ရေခဲ သွားဝယ်ခဲ့ဖူးတာ အမှတ်ရမိတယ် ။

 နေပြင်းပြင်း တောင်ကမ်းပါးယံ က ဘုရားတွေ

 သွားဖူးခဲ့ကြတာ အမှတ်ရမိတယ် ။

 လက်သီးဆုပ်နုနုလေးတွေ နဲ့

 ဖွဖွလေး ထုခဲ့ဖူးတာ ... အမှတ်ရမိတယ် ။

 ဒီလို မနက် ဆို ငါလည်း မင်းဆီ စိတ်ကူးအပြည့် နဲ့ လှမ်းလို့ ...

 ဒီလို ညနေ ဆို မင်းလည်း ငါ့ကို စိတ်မချ တဖွဖွ စကားတွေ မှာကြားလို့ ...

 စတစ်ကော်လံ အဖြူတွေလည်း မီးပူ မတိုက်ဖြစ်တော့ဘူးကွယ်

 အဆိုးထဲက အကောင်းတွေ လို့လည်း မပြောဖြစ်တော့ဘူး

 ဓာတ်ပုံ ရိုက်ရင် ခေါင်းကြီး မော့မော့ မထားဖြစ်အောင်လည်း

 ဂရုစိုက်ရပါတယ်

 ကွေ့လိုက်ရမယ့် လမ်းတွေ ကျော်ကျော် မသွားတော့အောင်လည်း

 သတိထားဖြစ်လာတယ်

 ငါတော့ ... အလွမ်း နဲ့ နေသားကျပါပြီ

 ဒီတစ်ခါ အချိန်ရရင်သာ

 သေသေချာချာ လွမ်းနေကြောင်း

 မသိလိုက် မသိဘာသာ ပြောပြရဦးမယ် ။    ။







PM 10:00 2nd May 2014

Thursday, April 3, 2014

သင် ဟာ တစ်ယောက်ထီးတည်း ဘယ်သောအခါမှ လျှောက်လှမ်းဖြတ်သန်းရမှာ မဟုတ်ပါ

သင် ...
မုန်တိုင်းထဲ ... လျှောက်လှမ်းဖြတ်သန်းရတဲ့အခါ
ခေါင်းကို မတ်မတ် ဆက်ပြီး မော့ထားလိုက်ပါ
မှောင်မိုက်ခြင်း အပေါ် မကြောက်ရွံ့မိပါစေနဲ့
မုန်တိုင်း ရဲ့ အဆုံးမှာ
ရွှေရောင်ကောင်းကင် တစ်ခု
ဘီလုံးငှက် ရဲ့ ချိုမြိန်နှစ်လိုဖွယ် ငွေရောင်တေးသွားတစ်ပုဒ် ရှိပါတယ်


လေဟုန်ပြင်းပြင်း ထဲ လျှောက်လှမ်းဖြတ်သန်းပါ
မိုးသည်းသည်း လည်း လျှောက်လှမ်းဖြတ်သန်းပါ
သင့် အိပ်မက်တွေ
ကပြောင်းကပြန် ပြိုကွဲလွင့်စင်သွားခဲ့မယ် ဆိုရင်လည်း ...



လျှောက်ပါ ... ဆက်ပြီး လှမ်းပါ
သင့်နှလုံးသား အတွင်းက မျှော်လင့်ခြင်း တစ်စုံတစ်ရာ နဲ့ အတူ
သင့် ကို
တစ်ယောက်ထီးတည်း လှမ်းလျှောက်ရခြင်း မဖြစ်စေပါဘူး
သင် ဟာ ဘယ်သောအခါမှ ဘယ်တော့မှ
တစ်ယောက်ထီးတည်း လျှောက်လှမ်းနေရမှာ မဟုတ်ဘူး


လျှောက်ပါ ... ဆက်ပြီး လှမ်းပါ
သင့်နှလုံးသား အတွင်းက မျှော်လင့်ခြင်း တစ်စုံတစ်ရာ နဲ့ အတူ
သင့် ကို
တစ်ယောက်ထီးတည်း လှမ်းလျှောက်ရခြင်း မဖြစ်စေပါဘူး
သင် ဟာ ဘယ်သောအခါမှ ဘယ်တော့မှ
တစ်ယောက်ထီးတည်း လျှောက်လှမ်းနေရမှာ မဟုတ်ဘူး


TRANSLATED BY 


3rd April 2014

You'll Never Walk Alone



When you walk through a storm hold your head up high
And don't be afraid of the dark
At the end of a storm is a golden sky
And the sweet silver song of a lark


Walk on through the wind
Walk on through the rain
Though your dreams be tossed and blown
Walk on, walk on with a hope in your heart
And you'll never walk alone
You'll never, ever walk alone
Walk on, walk on with a hope in your heart
And you'll never walk alone
You'll never, ever walk alone
 

Songwriters
STURKEN, CARL / ROGERS, EVAN

Published by
Lyrics © Warner/Chappell Music, Inc., IMAGEM U.S. LLC, Universal Music Publishing Group

Thursday, February 13, 2014

မန္တလေး မှာ နေတယ်



စက်မှု ၊ သင်ပန်းကုန်း ၊ မြရည်နန္ဒာ ၊ အောင်ပင်လယ်

ပုသိမ်ကြီး ၊ အိုးဘို ၊ စိန်ပန်း ၊ နှင်းဆီခြံ ၊ မာလကာခြံ

ကွက်သစ် ၊ မြို့သစ် ၊ ရှမ်းကလေးကျွန်း ... အစရှိသဖြင့်

မြို့အစွန် မြို့အပြင် မြို့အထွက် မြို့အစွန်းတွေ ဆီ က

တရားသံ ၊ ပဲပြုတ်သည်သံ တွေ နဲ့ ထ

မြို့ ကို ခဏ ပြန်ရဖို့ ငါတို့ လာခဲ့ကြတယ် ။

တရုတ်တွေ အတွက် အိမ်ဆောက်ပေးဖို့ရာ

ကုလားတွေ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ရာ

တချို့လည်း ဖီးဖီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်

တချို့လည်း စူးဆောက်တန်ဆာပလာ ကိရိယာတွေ နဲ့

ကျေးဇူးရှင် တရုတ် ရဲ့ ဆိုင်ကယ်တွေ စီး

တစ်ရက် ကို နှစ်ယောက်နှုန်းကျ

သေတဲ့အခါလည်း သေခဲ့ရတယ် ။

ငါတို့ ရလာတဲ့ နေ့တွက်လေးတွေ နဲ့

မိသားစု စားဝတ်နေရေး ပြေလည်နေရင်

အင်္ဂလန် က ဘောလုံးပွဲတွေ ကို လဘ္ဘရည်ဆိုင်ထိုင် ဆဲရင်းလည်း

ဘဝအမောက ငါတို့မှာ ပြေခဲ့တယ် ။

ညနေ ညနေ တရုတ်တွေ ရောင်းတဲ့

မြန်မာ ဘီယာတွေ သောက်ရင်း

ငါတို့ အိပ်မက်တွေ ကို ဘီပိုး ၊ စီပိုးတွေ နဲ့

အလဲအထပ် လုပ်ခဲ့တယ် ။

လမ်း ( ၈၀ ) ဟာ နယ်စပ်မျဉ်းတစ်ကြောင်း ဆိုရင်

အရှေ့ဘက်ခြမ်းမှာလည်း ငါတို့ မရှိဘူး

အနောက်ဘက်ခြမ်းမှာလည်း ငါတို့ မရှိဘူး

မြန်မာ သက္ကရာဇ် ၁၂၂၁ မှာ မြန်မာဘုရင် မင်းတုန်းမင်း က မြို့ ကို တည်ခဲ့တယ် ။

သူ့မြို့ရိုး ကို ငေး ... သူ့ကျုံးနံဘေးမှာ

ပီကင်း ရဲ့  Tiananmen Square မှာ ရောက်နေတယ် တွေးရမလို

တရုတ်တွေ တေးဆိုပြီး လေ့ကျင့်ခန်းလုပ်နေတာ မြင်ရင်

သူ ဘာပြောမလဲ သိချင်တယ် ။        ။






5:00 AM 13th FEBRUARY 2014

Friday, January 3, 2014

ပဉ္စလရာဇ် အဆန်ဆုံး ညတွေ ...



ညှင်းသွဲ့လူးခတ်လေသော လေပြေ နဲ့ ဘာ နဲ့

ငြိမ်ဆိတ်တိုးလျလေသော အရွေ့အလျား နဲ့ ဘာ နဲ့

ခင်ဗျားတို့ ကျုပ်တို့ သိပြီးသား ပုံစံမျိုး

ည ဟာ ပဉ္စလရာဇ် ဆန်နေ ...

နောက်ကျ ... နောက်ကျ ... နောက်ကျ

ဘဝ ရဲ့ နှစ်ကာလ တစ်ခု ဆီ နောက်ကျ

ဆိတ်ဖလူး ရနံ့တွေ မွှေးရီခြင်း ဆီ နောက်ကျ

တံတားအမှတ် ဆယ့်တစ်မှာ နောက်ကျ

ပေါက်ကွဲမှု ရစ်ခ်ျတာစကေး နှစ်ထောင်မှာ နောက်ကျ

မီးလျှံမီးညွှန့် ၉၉ မှာ နောက်ကျ

ကန့်လန့်ကာ ဆက်တင်မှာ

နောက်ခံကားများက အစ မှားနေပါသတဲ့ ... ။

ညံ့သက်လေသော တွေးခေါ်မှု နဲ့

ဖြူးဖျလေသော ဆင်ခြင်ဥာဏ် နဲ့

ခရီးလမ်းတလျှောက် မီးတောက်မီးစတွေ က ဝေးရာဆီ ...

စိတ်သွားတိုင်းလည်း ကိုယ်မပါ

ကိုယ်ပါတိုင်းလည်း စိတ်မသွားတတ်တော့ ...

ဝိဝါဒ ကွဲပြားပုံတွေချည်းပါပဲလေ

နည်းနည်း နားရှုပ်ချင်စရာ

နည်းနည်း ခလုတ်ရှုပ်ချင်စရာ

နည်းနည်း အချိတ်အဆက် လွဲမှားချင်စရာ

ဦးနှောက်ဖောက်စားချင်သူများ နဲ့ သာ

ငါတို့မှာ တွေ့ရပြန်ဦးတော့မယ် ။

ဤခရီး နီးပါသတဲ့လား ...

ဝဋ်နာကံနာ ၊ အလေ့ကျ ပျိုးပေါက်ရာ

ကံအကျိုးအကြောင်းမသင့် ၊ ရေကြည်ရာ မြက်နုရာ

ကျသင့်ငွေ စာရင်းထဲ

စားဝတ်နေရေး အမျိုးအမည်အောက်

အကြွေး ချည်း မှတ်ခဲ့ရတယ် ။

စိတ် အမောကြီး နဲ့ တီးတဲ့ အသံ မို့ နားဆူပေမယ် ။

သက် အလျှောကြီး နဲ့ ပြေလိုက်တဲ့ အလျဉ် မို့ ခါးပူနေမယ် ။

လောက အတွက် အကောင်းဆုံးလက်ဆောင် ... ပျောက်ရှခဲ့ရပြီ

တမိုးထဲအောက် က ရင်လှိုက်မြည်ဟီး တွန်ကျူးသံများ ... ဆွံ့အခဲ့ကြပြီ

ဖိနပ်ပါးလေး တစ်ရံ နဲ့ ပဲ အိမ်ပြန်ခဲ့တော့တယ် ။

ဆက်သွယ်မှု ဧရိယာ အပြင်ဘက် က အသံတွေ လည်း

လိုင်း က မမိတစ်ချက် မိတစ်ချက်

စည်းလွတ်ဒုန်းလွတ် စိတ်အချဉ်တွေ လည်း

အောက်ခြေ က မလွတ်တစ်ချက် လွတ်တစ်ချက်

အမှတ်ပေးစည်းမျဉ်း နဲ့ အညီ အဖြေလွှာတွေ လည်း

ဂုဏ်အင်္ဂါရပ်တို့ နဲ့ သာ ညီပြီး ရသ က မပါတစ်ခါ ပါတစ်ပါ

နေ့ညအမှီ အော်ပရာတွေ လည်း

ကျန်းမာရေးအတွက် ဗီတာမင် က မပြည့်တစ်လှည့် ပြည့်တစ်လှည့်

အလှည့်ကျ တန်းစီဇယား ရှိပါသေးသတဲ့ ...

အောက်ခြေတိုင်း အနားညီမလား ကြည့်ရ

စကားလုံးတိုင်း ဝစ္စပေါက် ပါရဲ့လား စစ်ကြောရ

လမ်းဆုံးတိုင်း ဂငယ်ကွေ့ဖြစ်လေမလား သုံးသပ်ရ

ရေစုန်မျောတော့ မြန်လိုက်တာ

ဝိုင်းဖွဲ့ပြီး ရယ်မောခဲ့ကြပါတယ် ။

စုအုံပြီး ပေါ့သွမ်းသွေးခဲ့ကြပါတယ် ။

သတိဆွဲပြီး အမှတ်စဉ် အော်ခဲ့ကြပါတယ် ။

ဘဝ နဲ့ ဘဝ ပေါင်းတဲ့အခါ

သုည က စပြီး ရေတွက်ရတော့တယ် ။

ကရမ်းကသမ်း တိုင်တည်ချင်စရာ နတ်ဘုရား မရှိ

အလင်း အလျော့အပါး တိုင်းတာချင်စရာ မျဉ်းကပ်မျဉ်းမတ် မရှိ

နားတစ်စုံ ဆီ ကြားသိစေလိုတိုင်း

နံရံတစ်ချပ် ဆီ ကန်ကျောက်ချင်လေတိုင်း

တံတိုင်းတစ်ခု မှ ကျော်လွှားချင်လေတိုင်း

ခံတပ် ကို သစ်ဝါးအစုံ နဲ့ ပြီးပြည့်စုံစေအောင် ...

အစွန်အဖျားတွေ က သူတစ်ပါး ကို မထိရောက်လေအောင် ...

အကိုင်းအခက်တွေ က စည်းရိုးခြံခြား ပေါ် မကျော်လွှားနေအောင် ...

ယေဘူယျ ရေပြင်ညီ အမှတ် က ကမ်းပါးမှာ မကပ်ငြိပေအောင် ...

ငါတို့မှာ

ကိုယ့် တာ နဲ့ ကိုယ်

ရွှေသမင် အထင် အတွက် ထောင်ချောက်ဆင် ... ။    ။









PM 11:00 23rd MAY 2011

အလွမ်းတွေ နဲ့ နေ



အလွမ်းဓါး ဖြင့် ငါတို့အား ပိုင်းခြားကြတော့အံ့ ...

မြောက်လေတသိုက်

လှိုက်မောဖွယ် တေးအလိုက် နှင့်

ကသုတ်ကရက်နိုင်စွာ ...

အိပ်မက်အစုံစုံ အမှတ်ရဖွယ် ဖြစ်ရပ်တို့ နှင့်

နင့်နင့်နဲနဲနိုင်စွာ ...

သံယောဇဉ် ရထား ဟာ

တခမ်းတနား ဆိုက်ရောက်ခဲ့ချေပြီ ။

ငါတို့မှာ

အတူရှိချိန်တွေ နည်းပါးလေသမျှ

ဤကဲ့သို့သော ညများတွင် များနိုင်သမျှ များများ တမ်းတနေကြရတော့အံ့

ဤကဲ့သို့သော ခဏများတွင် များနိုင်သမျှ များများ မျှော်ရီနေကြရတော့အံ့

ဤကဲ့သို့သော တံဆိပ်များ နှင့် ... များနိုင်သမျှ များများ

တစ်ယောက်ဆီ တစ်ယောက် အပြန်အလှန် လွမ်းစိတ်များ အကြောင်း

တရံမလပ် သတိရနေခြင်း အကြောင်း ပြောပြနေကြရအံ့

တစ်ယောက်ဆီ တစ်ယောက် ဖော်ကွာဝေးအနမ်းများ နဲ့

တစ်ယောက် အိပ်မက် မှာ တစ်ယောက် ပါဝင်ဖို့ ဆုတောင်းနေကြရအံ့

တစ်ဦး အကြင်နာ ဆီ တစ်ဦး မေတ္တာ အရ

သစ္စာစကားများသာ ပြောပြနေကြရတော့အံ့

အလွမ်း ပြီးရင်း အလွမ်း ပဲကွယ် ...

မွန်မြတ် သန့်စင်သော ချစ်ခြင်းတရား မှာ

အလွမ်း ကို ပြုစုပျိုးထောင်ဖို့

အလွမ်း ကို ဂုဏ်ဒြပ်တစ်ခုလို မှတ်ယူဖို့

အလွမ်း ကို အနမ်းတွေတိုင်း အပေါ် သက်မောလျလျ ရှိစေဖို့

ငါတို့ အလွမ်းတွေ လည်း အဓွန့်ရှည် ခဲ့တော့တယ် ။        ။





PM 9:28 2nd January 2014

LinkWithin

Related Posts Plugin for WordPress, Blogger...