Saturday, June 30, 2012

လွန်ခဲ့သော တစ်လ

MyLoveCafe Hosting Server မှာ Blog Site လေး ဒေါင်းသွားတုန်းက တင်ဖြစ်ထားတဲ့ 

POST ပါ ။ အမှတ်တရပေါ့ ... :)


မှတ်မှတ်ရရ ...

နှစ်ရက်လောက် Site ကို ဒေါင်းသွားတဲ့ အခြေအနေ နဲ့ ကြုံခဲ့ရပါတယ် ။

ကျွန်တော်ကပဲ ကံကောင်းမှုတွေ သိပ်များနေလို့လား မသိဘူး ။

အဆင်တပြေ နေ့တွေချည်း ဆက်တိုက်ကြုံနေရာက ဒီလိုမျိုး ကြုံလိုက်ရတော့ ...

တစ်ခါတစ်ခါ တွေးလေ့ ရှိသလို ဒုက္ခ ဆိုတဲ့ ကောင်ဆိုးလေးတွေ အစု နဲ့ အဖွဲ့နဲ့

လာတော့လေမလား လို့ တွေးပြီး လန့်မိပါရဲ့ ...။

ခုတော့ Blog ကို ပြန်ဖွင့်လို့ ရတဲ့ ပထမဆုံး အထိမ်းအမှတ် နဲ့ ရော ...

ဒီနေ့ အတွက် နောက်ထပ် ထူးထူးခြားခြား အနေ နဲ့ ကဗျာတစ်ချို့ကို ဆက်တိုက်လို

ဆက်ရေးဖြစ်လိုက်တဲ့ အခိုက်အတန့်လေး အတွက် ပါ

ဒီ ပို့စ်ကို တင်လိုက်ပါတယ် ခင်ဗျား ...။


“မလွမ်းရဘူး လို့ မပြောနဲ့ ...”


မလွမ်းရဘူး လို့ မပြောနဲ့

တစ်ခဏပဲ ဖြစ်ဖြစ်

မြင်လိုက်တွေ့လိုက်လိုတာလေးပါကွယ်

မကြာမကြာ ခွဲနေကြရမှာပါ ...

မလွမ်းဆွတ်လိုက်ရမှာတော့ ပူပင်မနေပါနဲ့

ငါတို့ ... စ ” လှမ်းထားတဲ့ လမ်း ...

ဝေတိေ၀၀ါး နိုင်ထားပုံ ကို က

ခိုးခိုးပြီး ရှိုက်သွင်းရတဲ့ အသက်ဓာတ် လို

လရောင်ထဲ က အနမ်း မျိုး ...။


1:00 PM 30th November 2009


“တစ္ဆေကြီးများနေ့...”

တစ္ဆေကြီးများ နေ့တဲ့...ကွယ် ...။

ငါ့မှာ ...

နာနာဘာဝ ၊ ၀ိနာဘာဝ

ဘယ် ပရလောကသားမှတော့ မတွေ့မမြင်ခဲ့မိပါဘူး ။

သူမပေးတဲ့ “အကြင်နာ” ဆိုတာနဲ့

နှလုံးခုန်သံ တစ်ချက်ကြားတိုင်း

လွမ်းဖို့ အသင့်ဖြစ်နေသော ဥာဉ်” ဖြစ်အောင်ပဲ

ခြောက်လှန့်ခံခဲ့ရတော့တယ် ။

1:16 PM 30th November 2009


“လုပ်စရာ ရှိတာ ဆက်လုပ်ပါ ဆိုပဲ ...”


သတိရခြင်း အရောင်နဲ့ လွန်းထိုးထားတဲ့

နေရောင်ခြည် မနက်ပေါ့ကွယ် ...

ဘယ် အသွေးအတောင် နဲ့ မှ

ငါ့ကို...

မသွေးဆောင်လိုက်ကြပါနဲ့ လေ...

ငါ့ ရင်ခုန်ခြင်း နဲ့ ငါ

အကျအပေါက် မှန်ဖို့တောင်

သူမကို လွမ်းဆွတ်ခြင်းကပဲ လာလာထိပါးနေပြန်လို့ ...။

1:31 PM 30th November 2009



ကျေးဇူးစကား



မရယ်…

လင်းပွင့်နေသော

ကြယ်တစ်စင်းလို

တိုးဝင်လာခဲ့ခြင်း အပေါ်

ကျေးဇူးပါ …



ဖေးငဲ့ တွဲလှည့်သော

လက်ခုံသေးသေးလေး တို့ အပေါ်

ကျေးဇူးပါ …


လျှောက်လမ်းကို

ထင်းထင်းရှင်းရှင်း

မြင်သာအောင် စွမ်းတတ်ပေးမှုတို့ အပေါ်

ကျေးဇူးပါ …


ဒဏ်ရာ အထပ်ထပ်

ကြော့နွမ်းနေသော ၀ိဥာဉ်အား

သိမ့်မူးငေးရီပေးသော

မျက်ဝန်းတို့ အပေါ်

ကျေးဇူးပါ …


ဝဲဘက်ရင်အုံ ဆီက

မြည်တမ်းသော အသံတိုင်းကို

အဓိပ္ပါယ် ပြည့်ဝပေးခဲ့ခြင်း အပေါ်

ကျေးဇူးပါ …


ဤ လက်အစုံ နှင့် ထုဆစ်သော

ကနုတ်ပန်း အား ဆင်မြန်းပေးပါ …

ဤ လက်အစုံ နှင့် ကမ်းလင့်သော

လမ်းငယ်တလျှောက် အဆုံးအထိ လှမ်းပေးပါ …


ဤ လက်အစုံ နှင့် ပြုစုသော

ကြင်နာခြင်း အား

ရင်တကိုယ်တာ အပြည့် ခံယူပေးပါ …


မ´အတွက်

ကျွန်တော် ရှိနေဖို့ လိုမယ် ထင်ရင်

ကျွန်တော့် အတွက်လည်း

မ´ရှိနေပေးဖို့ ပေါ့ … ။   ။





1st November 2009

@ Kandawgyi Lake

From 12:00 PM To 4:00 PM

ညီ

မြည်သံ ကြားတဲ့ ဖုန်း … နားထောင်မိချိန်

မင်း မဟုတ်တဲ့ အခါ …

ခေါက်သံကြားတဲ့ တံခါး … ဆွဲ အဖွင့်

မင်း မဟုတ်တဲ့အခါ …

အေးစက်နေတဲ့ … ကော်ဖီတစ်ခွက် ရဲ့ သခင်

မင်း မဟုတ်တဲ့ အခါ …

နားစွင့် မိတဲ့ ခြေသံတွေရဲ့ ပိုင်ရှင်

မင်း မဟုတ်တဲ့ အခါ …

တဆစ်ဆစ် … ထိုးဆွ

ကျဉ်ခဲ့ရ နှလုံးသား

အပြုံးများနဲ့ ဖုံးထားရင်း

တမိုးသောက်ချိန်မှာတော့ … အမှတ်မထင်

မျက်ဝန်းအဖွင့် … ထာဝရ

ငုံကြည့်နေမယ့် အပြုံးနွေးနွေး

မင်းဆီက နေ ရချင်ပါသေးတယ်…။   ။

SUNDAY NOON

1st November 2009

Poems Of Her

Your bad things...

That you make me

Head ache and

Stop my sleepy

By fiddling your load things

Which are not really exist

For me ...

SUNDAY NOON

Tears of your smiles

Of your eyes

Make the soul of

Someone's living.


SUNDAY NOON

What is life?

Can I ask her destination is what?

Now alive and die one day

And what a matter… Go away!

SUNDAY NOON

Life is not a morning us

So I lost and flying hope

Weep alone and laugh again

And …acting a play

Full of pains…

SUNDAY NOON




Just for you

When you see the sun,

You will feel warm like

I hug you; so I was born in

` Sunday´…

When you see the moon,

You will see my face

Smiling at you to

Create sweet dreams …

When you see clouds in sky

You will remember the cake use

Shared together

And you will smile … sweet smile

But …

If the rains come

I beg you not to remember

My tears of remembrance ( to you )

Who act in play and

Last fate forever.

SUNDAY NOON

2:15 AM12th June 2009

FRENCH TO ENGLISH

LA VIE
ça m'étouffe , la vie . Je m'en vais d'elle . Et rien à dire.

PLAISIR
 Je fais le déjà  partir dès que je sais que chaqun n'a qu'un vie.

Et........
voilà ....LA VIE..........

LIFE
I can not breathe, life. I'm leaving her. And nothing to say.

PLEASURE
I'm already from the moment I know Each person has a life.

And .......
Here .... LIFE ..........

   SUNDAY NOON

မဝေးကွာခင်

မဝေးကွာခင်

အပြုံးတွေ မကြွေလွင့်စေဖို့

မဝေးကွာခင်

အရှူံးတွေ နဲ့ ရင်မနင့်စေဖို့

မမြတ်ချင်နေပါစေ

အရှက်ပြေတော့ ရယ်လိုက်ပါရစေ ...။

SUNDAY NOON

GAME

မြင့်မားကြမ်းတမ်းတဲ့ တောင်ကိုတက်ဖို့

ငါ ... အားမွေးနေချိန်

နူးညံ့တဲ့ လက်တစ်ဖက် နဲ့

ဖေးမကူညီ အားပေးနေတဲ့ ... သူ

ပိန်းပိတ်နေသော မြူတွေ

ငါ့ လမ်းမှာ ကာဆီးနေဆဲ

နေရောင်ခြည်လို နွေးထွေးတဲ့ မေတ္တာ နဲ့

ပေးဆပ်နေတဲ့ ... သူ

နက်ရှိုင်းတဲ့ ချောက်ကမ်းပါးက

လှုပ်လှဲ့လှဲ့ ကြိုးတံတားပေါ်

ဖြတ်သွားဖို့ စဉ်းစားချိန်

ပေးဆပ်ခဲ့တဲ့ ခွန်အားတွေ ကြောင့်

ပထမ ခြေလှမ်း စတင်ချိန်မှာ

သူ့ လက်တွင်းက ဓါးတစ်လက်

မြင်နိုင်ခွင့် မရှိတော့မယ့် ... ငါ ။

SUNDAY NOON

အမည်မဲ့ (၅)

အချိန် ဆိုတဲ့ ရထားကြီး

ခုတ်မောင်းသွားတဲ့နောက်

ခရီးသည်တစ်ချို့ ...

လမ်းသစ် စ လျှောက် ...

အချင်းချင်း

တိုင်ပင်နှီးနှောရင်း နဲ့

ဘ၀ဟောင်း အကြောင်းလည်း ပြောရဲ့

အနာဂါတ် အကြောင်းလည်း တွေးရဲ့

တစ်ယောက်သော ခရီးသည်

အနာဂါတ် ကိုလည်း မကြံ

အတိတ် ကိုလည်း မပြန်

ပစ္စုပ္ပန် ရဲ့ အခြေအနေ အားလုံး

ရိုးသားစွာ ဖမ်းဆုပ်

အရာအားလုံးကို ပြည်ဖုံးကား ချခဲ့ပြီ ။



တဲအိုပျက်ထဲက

ငြိမ်သက်နေတဲ့ ရေအိုးဟောင်းတစ်စုံ

ငြိမ်ချမ်းစွာ တည်နေပါရစေ ...

အဓိက က နှလုံးသားထဲက လက်ရှိ ခံစားချက် လား ။

ဒါမှ မဟုတ်

မရှိတော့တဲ့ အတိတ်တစ္ဆေရဲ့ ပြုစားချက် လား ။

ငြိမ်းချမ်းပြီ ဖြစ်တဲ့ နှလုံးသား

တကယ်လို့များ

ခြေရာတွေ မပျက်သေးရင်

ခွင့်မလွှတ်ရင်လည်း နေပါစေလေ

တိတ်ဆိတ်စွာပဲ ... ငါ ထွက်သွားဦးမယ် ။

Le jour ou' je me sens mal au weve.

SUNDAY NOON

1:00 AM 12th October 2004 TUESDAY

အမည်မဲ့ (၄)

ချစ်သူ ...

ငါ ၏ မေတ္တာတရားတို့သည်

သင်၏

ညိုညစ်သော နှလုံးသွေးတို့ဖြင့်

မရောယှက်လိုသောကြောင့်

သင့် နှလုံးသား အတွင်းသို့ တိုးမ၀င်လို ။



ချစ်သူ ...

ငါ ၏ မေတ္တာတရားတို့သည်

သင် ၏ သန့်စင်သော

နှလုံးသွေးတို့ဖြင့်

ခန္ဓာကိုယ် အနှံ့ လှည့်လည်လိုသောကြောင့်သာ

သင့် နှလုံးသားအတွင်းမှ ထွက်ခွာရလို ။

SUNDAY NOON

အမည်မဲ့ (၃)

ကျွန်မဒီနေရာကလေးမှာပဲ  တောက်ဖြာတဲ့ အပြုံးနဲ့မျက်ဝန်းတစ်စုံကို ငုံ့ကြည့်နေပါတယ်။........

ဘယ်သူ့ကိုလဲ.............

ဘာအတွက်လဲ.........

ဘယ်တုန်းကလဲ..........

မေးခွန်းများ ...မမေးနဲ့လေ

ဘယ်သူ့ကိုလဲ ဆိုတာထက်

ကျွန်မကိုကြည့်နေမယ့် မျက်ဝန်းကိုပဲ

အလိုရှိတာပါ။

ဘာအတွက်လဲ ဆိုတာထက်

အဲဒီမျက်ဝန်းထဲက

သိမ်မွေ့နူးညံ့မှုကို

အလိုရှိတာပါ။

ဘယ်တုန်းကလဲ ဆိုတာထက်

အဲဒီမျက်ဝန်းအစုံဟာ

တစ်သက်တာလုံးအတွက်

မလွှဲမဖယ်

တည်မြဲသွားမယ့်

အကြည့်တစ်ခုတည်းကိုသာ..........

ကျွန်မဒီနေရာကလေးမှာပဲ  တောက်ဖြာတဲ့ အပြုံးနဲ့ မျက်ဝန်းတစ်စုံကို ငုံ့ကြည့်နေပါတယ်။


SUNDAY NOON

Friday, June 29, 2012

အမည်မဲ့

ရူးနေပြီလား ?

ဘာလို့များ မှော်ဝင်စ ပြုနေတဲ့

ပန်းချီကား တစ်ချပ်

ငါ ကိုယ်တိုင် ရိုက်ခွဲ

သာမန်လူ ပဲ ငါ ဖြစ်ချင်ခဲ့ရတာလဲ ?

တစ္ဆေ အို တစ်ကောင် ရဲ့ အပြုံးတစ်စ

ငါ့ နှလုံးသား ထဲ စူးနစ်ဝင်

အဆိပ်တက်နေတဲ့

အိပ်ပျက်ညတွေ

တစ်စ ... တစ်စ

သွေးဆုတ် ဖြူလျော်

သြော် ... ငါ့ နှုတ်ခမ်းများလည်း

ရက်စက်တတ်စ ပြုလာပါရောလား !

တဖြည်းဖြည်း နဲ့

ဟိုးအဝေးဆီမှာ

အတိတ်တွေ အိုမင်း

နုပျိုခြင်းတွေလည်း သေဆုံးခဲ့ပါပြီ ။

ပစ္စုပ္ပန် မှာ

အနာဂါတ် အတွက် ဘ၀ တစ်ခု

ယုယစွာ ပြုစုရင်း

သတိရလိုက်မိတယ် ။

တစ်ချိန်တုန်းက

သေဆုံးဖို့ အတွက်

ငါ ...

ရှင်သန်ခဲ့ဖူးပါလား !


SUNDAY NOON

17th FEBRUARY 2004 

Thursday, June 28, 2012

ဒန်းစီးမိတဲ့ လေညှင်း



အာရုံနံ့ သင်းထားသော

ခလုတ်ဖိသံ တဖျပ်ဖျပ် မှာ

မင်သက်နေသော စီးကရက် ကို

မီးညှိခံလိုက်ရ

ပုခုံးချင်း ၀င်တိုက်မိခြင်း တို့ ...

ထင်ထားတာထက် ဖမ်းစားနိုင်လွန်းတယ် တို့ ...

ဟန်မလုပ်ထားကြောင်းပဲ ဟန်လုပ်ပြီးပြောဖြစ်

သူ့ပိုက်ကွန်ကိုမှ

အစာတပ်ပြီး မျှားနေမိတယ် ...


တစ်ခန်းရပ်ပြဇာတ် လား

တကိုယ်တော်ဖျော်ဖြေမှု လား

ကောင်းကင်ဘုံ လား

အိပ်မက် လား

ကယောင်ကတမ်း မြည်တမ်းမှု လား

အမည်ဖော်ဖို့ ခက်ခဲသော အဲဒီ့ ခြင်းရာ အပေါ်

ယုံကြည်ကိုးကွယ်မှု လို ... သက်ဝင်ပါကြောင်း

ဘုရား' ကို လိမ်သလို လိမ်ခဲ့မိ ...



“ ခင်ဗျား ထပ်ထားတဲ့ လောင်းကြေး ကို

ကျုပ် စိတ် ထဲ ထည့်မသွားချင်ဘူး ”

ကျွန်တော် ပြောတော့ ...

“ ရှင့် နောက်ခံ အရောင် ကို

ကျွန်မ စိတ်မ၀င်စားဘူး ”

ခင်ဗျား က ပြောလိုက်သေးတယ် ။

တကယ်က ...

လိုအပ်မလား လို့ မေးဖို့ မလိုအပ်လောက်အောင်

လိုအပ်ပါတယ် ...

သိပ္ပံနည်းကျ စာတိုက်ပုံး ...

ကျွန်တော့် ကိုယ် ကျွန်တော်

ခင်ဗျား ကိုယ် ခင်ဗျား

ကောင်းသောညပါ' လို့ ပဲ ပြောခဲ့လိုက်တော့တယ် ။    ။






PM 9:45 24th FEBRUARY 2010

Tuesday, June 26, 2012

ပြင်ဦးလွင်ည ၊ ဂစ်တာသံ ၊ ၀ိုင်ရည်ချိုမြ



စိတ်လွတ်ကိုယ်လွတ်

၂၀ ရာစု နှောင်းပိုင်း လေရိုင်းအကြောင်း

နှီးနှောဖြစ်ကြတော့

ကျွန်တော့် အသက်ရှူမှု က

ခင်ဗျား ရင်ခုန်သံ ဖြစ်သွား

မျှော်ရီထားသော ခမ်းနားဆက်တင် မရှိခဲ့ပါဘူး ။

ကိုယ့် အရပ် နဲ့ ကိုယ့် ဇာတ် မှာ

သဟဇာတ ဖြစ်ဖို့ပဲ ...



 ပြန်ကြရအောင် ဗျာ ...

ခင်ဗျား ဂစ်တာလည်း ထားခဲ့ ...

ကျွန်တော့် အသံလည်း ချန်ခဲ့လိုက်မယ် ။

ရုပ်သက်သက် စိတ်သက်သက်

ဒီနေ့ ရောင်ခြည် အလိုက်

ကျွန်တော်တို့ လူးလွန့်ပုံ ကကြိုးဟာ

စည်းချက်မညီလိုက်မှာပဲ ...

စိုးရတယ် ။    ။





 9:45 PM 22nd FEBRUARY 2010

ဝေဖန်ရေး ဆိုတာ ကဗျာရေးသူ ရဲ့ အလုပ်မဟုတ်ဘူး


ရင်သပ်ရှုမော လောက်စရာ အလင်္ကာတွေ မပါဘူး ။

အံ့ချီးဘနန်း ဖြစ်ဖွယ်ရာ ကာရံချိတ်ဆက်မှုတွေ မပါဘူး ။

ခေတ်ပေါ်လွန် ၀ါဒလည်း မဟုတ်ဘူး ။

ဖြစ်တည်မှု ပဓာန ဆိုတာမျိုးလည်း မဟုတ်ဘူး ။

စ / ဆုံး သိဖို့ ဆိုလို့

စိတ်ကို မှန်သော မြှားချက် တချို့ နဲ့

ကိုယ့် အတ္တ ကိုယ် တခမ်းတနား ဖွဲ့ဆိုမှုပဲ ရှိကောင်းလည်း ရှိမယ် ။



ကဗျာ လို့ ပြောချင်လည်း ပြော

ကဗျာ လို့ မပြောချင်လည်း မပြောနဲ့

အတွေးအလျဉ် နဲ့

ကိုယ့်ခေတ် အကြောင်း ကိုယ်

စကားစပ်ထားတဲ့ ခြင်းရာသက်သက်

ခင်ဗျားတို့ ကျွန်တော်တို့

ဖြစ်နေကြ ...

လုပ်နေကြ ...

နေ၀င်နေထွက်တွေ အပေါ်

အစွန်းထွက် အသံ ကို တစ်အိတ်လုပ်ပြီး

ဖော်ကျူးခြင်းမျှ ... ။   ။

 



11th FEBRUARY 2010

လမ်းလျှောက်သူများ


အချိန်တိုလေးတွေ ၊ ဘာတွေ ပြောနေရအောင်

နေဖြစ်ဦးမှာက သေချာမလား

မေးကြည့်ချင်မိတယ် ...

ဒီလို ခဏ ၊ ခဏလေးတွေ နဲ့

နေ၀င် ၊ နေထွက် ဖြတ်ကြရတာပေါ့ ...

သူတကာ အကြောင်းလည်း

မပြောပြချင်ပါဘူးကွယ် ...

စကားစပ်စပ်

နားစွင့်ထားသူ လုပ်ဖြစ်ခဲ့တာချည်း ...

တစ်ယောက်တည်းမို့

ရှုပ်ရှုပ်နေမိတာလား ပဲ

ဘယ်ကို ရောက်ချင်မှန်းမသိ

ဘယ်ကို ရောက်မယ်မှန်းမသိ

ဘယ်အထိ လှမ်းရဦးမယ်မှန်း မသိ

ဘယ်အထိ လှမ်းဖြစ်ဦးမယ်မှန်းမသိ

ခင်ဗျားတို့ ကျုပ်တို့ က

ဒီ လမ်းလေး မှာပဲ ...

ဝင်္ကပါ ဆန်ချင် ဆန်နေတတ်တာမျိုး ။   ။






PM 10:10 28th FEB 2010

ရာဇသံ



ကျက်သရေ” သညာလေးရေ ...

နှင်းဆီပျို တစ်ပင် ရဲ့

ဆူးရိုင်းနု တစ်ခက်လို

ငါ့ ဘ၀ကို ခြံခြံရံရံ

မင့် ပွင့်ဖတ်လေးတို့ အပေါ် ခိုကိုးပြီး

ပျိုးထားခဲ့ပါတယ် ...

မိုးကလေး တဖြိုက် နှဖြိုက်မှာ

သီနွဲ့ထားပြီးသမျှတွေ ခြွေချပစ်ရတော့မလား

မနက်ခင်း က တော့ အလင်းများစွာ နဲ့

ကြိုလင့်နေမှာ ......။



  


12th MAY 2001

Friday, June 22, 2012

စိတ်ကူးပျိုးပင်


ကျက်သရေ” သညာလေးရေ ...

ငါ ပျိုးတစ်ပင် စိုက်ထားတယ် ။

ငါ့ သွေးစက်တွေလည်း မှန်မှန်လောင်းခဲ့တယ် ။

သံသယ နဲ့ ကလနားတွေကိုလည်း

ပေါင်းနှုတ် ပေးခဲ့တယ် ။

သစ္စာမဲ့ခြင်းကိုလည်း ဆေးဖြန်းထားခဲ့တယ် ။



အချိန်တန်ရင်တော့ကွာ ...

ကြည်နူးခြင်းတွေ သီးကြမယ် ။

လွမ်းရှိုက်ခြင်းတွေ ရွက်ဖြာထွက်မယ် ။

လှိုက်မောမှု တချို့လည်း ငုံဖူးမယ် ။

နောက်ဆုံးမှာ ...

ကြေကြေကွဲကွဲလည်း သေဆုံးမယ် ။



ဆိုပေမယ့်လေ ...

မင့်ခေါင်းထက်မှာ ရှင်းသန့်ဖြူစင်တဲ့အခါ

ဤအပင်၏ မြတ်နိုးခြင်း အပွင့်တို့ကို

ပန်ဆင်ပါ ။   ။



12th MAY 2001

Wednesday, June 20, 2012

လာ ... အရှေ့မှာ ... အနာဂါတ်ဆိုတာ ရှိတယ်



မှောင်လွန်းတယ်ကွယ် ...

မှော်ရုံမှ ဟုတ်ရဲ့လား

ငါတို့ စိမ်းလန်းခြင်း မှားလာပြီ ထင်တယ် ။

နယ်ကျွံလာတဲ့ တံလျှပ်တွေကိုတော့

ရေ ” ထင် ပစ်ရအောင် လေ ။

ဂျူရီတွေကိုလည်း ပြောပြပေးပါဦး

အလွမ်းကို အသက်ရှူရပ်အောင်

လုပ်ခဲ့တာ ငါတို့ ပဲ ကွဲ့ ...။   ။







1st JANUARY 2001

Saturday, June 16, 2012

စစ်ပွဲ



လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက်

ခေါင်းတစ်လုံး နဲ့ ပဲ

စစ်ထွက်ခဲ့ရတယ် ။

မင်း အာဟာရ က

သူ့ အာဟာရ လောက်တော့

ဗီတာမင် ပြည့်ဝချင်မှ ပြည့်ဝမယ် ။

မင်း သေနင်္ဂ က

သူ့ သေနင်္ဂ လောက်

မှော်” မအောင်တာမျိုး ဖြစ်ချင်လည်း ဖြစ်မယ် ။

သူ့ ဓါးလှံလေးမြှား က

မင့် ဓါးလှံလေးမြှား ထက်

ပစ်မှတ်ကို ချဉ်းကပ်တဲ့ နေရာမှာ

ပို တိကျချင် ကျလိမ့်မယ် ။



စစ်ဆင်ဦးတာ ရှိမယ် ။

နယ်ပယ် အနေအထား အသာစီးရတာ ရှိမယ် ။

အလုံးစုံ ကြောက်ဒူးတုန်ခဲ့သော

သေနာပတိ ဖြစ်ပစေ ...

နေအကွယ် ခေါင်းဖြတ် မသုတ်သင်ဘူး ... ရယ်

ဝန်ခံထားမယ့် ပဒေသရာဇ်မင်း ကတိမျိုး ပါချင်လည်း ပါမယ် ။

ရာဇသံတွေ ၊ အာဃာတတွေ မရှိလည်း

တိုက်ပွဲ ဆိုတာ က ဖြစ်မြဲအတိုင်း ရှိတတ်တာ ခက်တယ် ။



နောင်လာနောင်သားတွေ အကြောင်း

ထားပါဦးလေ ...။

လက်နှစ်ဖက် ခြေထောက်နှစ်ဖက်

 ခေါင်းတစ်လုံး နဲ့ ချည်း စစ်ထွက်ခဲ့ရတယ် ။

ကျူးကျော်သူ ကို တော်လှန်ရတာ ...

အဲဒီ့ ပြည်နယ်က မင့် ရပိုင်ခွင့် မို့

တက်သိမ်းရတာ ...

နည်းနည်းပါးပါး မှားတာလည်း ရှိမယ် ။

နည်းနည်းပါးပါး ပဲ မှန်တာလည်း ရှိမယ် ။

ငြိမ်းချမ်းရေး ကို လိုချင်လို့ တိုက်ကြခိုက်ကြရတာပါ တဲ့ ...။

ငြိမ်းချမ်းတဲ့ အချိန်လေးတွေ နဲ့

နေချင်တဲ့ကောင် ဆိုတော့ ... လည်း

လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက်

ခေါင်းတစ်လုံး နဲ့ ပဲ

သူလိုငါလို စစ်ထွက်ဦးပေါ့ ...။   ။






PM 9:30 8th MAR 2010

Thursday, June 14, 2012

အိပ်မက်ဆိုတာ ကယောင်ကတမ်း ဖြစ်စဉ် တစ်ခု



ကိုယ့် အကြောင်း ကိုယ် မသိတာ ၂၇ နှစ် ရှိပေါ့ …

မသိနိုးနား

ရုပ်ရှင်ရုံထဲ ၀င်ထိုင်နေရမလို

နောက်ဆုံးထွက် အယ်လ်ဘမ်များပဲ နားထောင်ရတော့မလို

ကာလပေါ် ၀တ်စုံ ၀တ်ပြီး ခေတ်မှီချင်သလိုလို

သိဟောင်း ကျွမ်းဟောင်းများဆီပဲ

အဆက်အသွယ် လုပ်ကြည့်ရမလို

ကိုယ့် အကြောင်း ကိုယ် မသိတာ ၂၇ နှစ် ရှိပေါ့ …



ကိုယ်ပိုင် အိမ် နဲ့ လည်း နေချင်တာပါပဲ

ကိုယ်ပိုင် ၀င်ငွေ နဲ့ လည်း Volunteer လုပ်ချင်တာပါပဲ

ကိုယ်ပိုင် မိသားစု နဲ့ ပဲ တည်ခင်းဧည့်ခံလိုက်ချင်တာပါပဲ

ကိုယ်ပိုင် အတွေး နဲ့ …

ကိုယ်ပိုင် စိတ်ကူးစိတ်သန်း နဲ့ …

ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ …

ကိုယ်ပိုင် လမ်း ကို

ကိုယ်တိုင် လျှောက်လိုက်ချင်တာမျိုး …။

 

ကိုယ့် အကြောင်း ကိုယ် မသိတာက ၂၇ နှစ်တောင် ရှိပြီ !

ရာသီဥတု ကတော့ ခဏ ခဏ ပြောင်းလဲတယ် ။

နည်းပညာ ဆိုတာ ခဏ ခဏ ပြောင်းလဲတယ် ။

အစိုးရ တွေလည်း ခဏ ခဏ ပဲ …

အတွေးအခေါ် ၊ လူနေမှု ၊ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု

အထွေထွေ သောင်းပြောင်းပါပဲ …

ကိုယ့် အကြောင်း ကိုယ် မသိတဲ့ အခါ

မနက်ဖြန် လို့ တွေးရင် …

မနေ့က အကြောင်း ပြန်စဉ်းစားရင်  …

ဒီနေ့မှာ

ပစ္စပ္ပုန် တည့်တည့် ကျလွန်းနေတာ က

ခက်တယ် ။   ။




 PM 9:50 11th MARCH 2010

Monday, June 11, 2012

အရှေ့ ခုနစ်အိမ် အနောက် ခုနစ်အိမ်



ငါ ” များ

စတစ်ကော်လံ နဲ့ ယောလုံချည် ၀တ်ဖြစ်တဲ့ နေ့ ဆို

အဲဒီ နှုတ်သီးတွေ က

ဘာရယ် ဟုတ် တဲ့ အမှားကိုတောင်

စွတ်ရွတ်ပြီး ဖေးဖေးမမ လုပ်လား လုပ်ကြ



ငါ ” များ

ဂျင်းစုတ် နဲ့ တီရှပ် ဂုတ်ပြဲ ၀တ်ဖြစ်တဲ့ နေ့ ဆို

အဲဒီ နှုတ်သီးတွေ က

ခွေး အ တစ်ကောင် လိုလို

လင်းတ တစ်ကောင် လိုလို

သူ့ထက်ငါ ရွံရှာပြကြ



ငါ ” များ

စဏ္ဍာလ ” တစ်ယောက် တစ်လေ ကို

အားမနာ လျှာမကျိုး ပြောပစ်မိရင်

ဟိုလူ ” ဘာမှားသွားလဲလို့ တွေးချင်ကြပြီး

ငါ ” များ

နိုင်ငံ့ ကျက်သရေဆောင်

အကျော်ဒေးယျ အဟိတ်” ဒြပ်ထည်တစ်ခုခု အပေါ်

တစွန်းတစ သုံးသပ်ပြမိရင်

ဒီကောင် ” ဘာမှားနေပါလိမ့် တွေးချင်ကြပေရဲ့ …



အဲဒီ့ နှုတ်သီးတွေ က ပေါ့ …

ဓူဝံကြယ် ” တောင်ဘက်မှာ ပြောရင်

တစ်ချက်လေး ဖြစ်ဖြစ်

ဝေတိေ၀၀ါး ငဲ့” လိုက်ချင်တဲ့ မျက်ဆန် အအ တွေ ကြား …

“နောက်ကျောမှာ စာကပ်ထားတယ်” ဆိုတဲ့

တစ်ပြားတန် ပြက်လုံး ရိုးရိုးမှာ

ဟားတိုက်တတ်ကြတဲ့ နှုတ်ခမ်း အအ တွေ ကြား …

ရွာစဉ် လှည့်ပြီး

ပဉ္စလက်တဲ့ သူထူးဆန်းကို

ကိုယ့် တ၀မ်းတခါးစာလေး ဂရုမထားဘဲ

သနားချင်တတ်တဲ့ ၊ မင်သက်ချင်တတ်တဲ့

တစ်ဘက် နား ကလေး တွေ ကြား …



စကားတတ်သလောက်

အမှားကို အမှန် မှတ်အောင် သင်ယူရဦးမတဲ့ …။

ပြဌာန်းထားသလောက်

သူ့စိတ်က ကိုယ့် တံဆိပ် ပဲ ဖြစ်ရဦးမတဲ့ …။

အများ ဤ” သလောက်

ကိုယ့် စေတသိက် ကိုယ် ကျွဲ” မှတ်ရဦးမတဲ့ …။

သဟဇာတ တော့ ကျချင်ပါရဲ့ကွယ်

ကိုယ့် သံစဉ် နဲ့ ကိုယ်

တီးလိုက်မိတဲ့ နှုတ်ခွန်းဆက်မှာတော့

ကိုယ့် နရီအတိုင်း

စည်းချက်လိုက်တာ

မှားချင်လည်း မှားဦးပေါ့ … ။






9:00 PM 17th MARCH 2010

အကြောင်းအရာအတု



အချစ် တဲ့ …

လူကြိုက်များ တဲ့ ရုပ်ရှင်ကား မို့

လက်မှတ်ရဖို့ တန်းစီနေရတာ နဲ့ ပဲ

ဝင်မကြည့်ဖြစ်လိုက်ဘူး ။

နွန်လတ်


လှေကလေး



အလူးအလွန့် လွန်သွားသော ဂယက်ထဲ

လှုပ်လဲ့ …

တက်ခတ်လှေကလေး …

ကွန်ပစ်ခြင်းငှာ လှမ်းရီခိုက်

လွှင့်စိုက်ထားသော ရွက်အစုံ ဖြေလျော့ခိုက်

တဲမှီထားသော ကျောက်ချွန်းကို ဆွဲတင်ခိုက်

အခါအားလျော်သော မုန်တိုင်းမှာ

လှိုင်းကြီးလည်း လှေအောက်ရောက်ရဲ့

တွေးရပြီ ။   ။






9th MARCH 2010

တနင်္လာနေ့



တနင်္လာနေ့က တနင်္လာနေ့ အထာ အတိုင်း

ကိုယ့် အရိပ် ကိုယ် ကြောက်နေမိတဲ့ စိတ်အပေါ်

သံပတ် ပေးလိုက်တယ် ။

နေခြည် ၊ ထမင်းစားနားချိန် ၊ မှောင်ရီ နဲ့

ရေပွက်ပမာထဲ ပုံမှန်ရက်သတ္တပါတ် လည်ပတ်သွား …

သဘာဝကို သဘာဝ အတိုင်း မဆန့်ကျင်နိုင်ခဲ့



ရုတ်တရက်ပဲ ဖြစ်ဖြစ်

လန့်နိုးခိုက်မှာတော့ …

အိပ်မက်ဆိုး ဟာ အိပ်မက်ဆိုး သာ ဖြစ်ကြောင်း

ဖြေသာစွမ်းလောက်ရဲ့ …

ဒီတစ်မနက်စာပဲ ဖြစ်ဖြစ်

လန့်နိုးပါရစေလားကွယ် …။



ကုန်တိုက်ဆောက်သံ ၊ နံပါတ်အသစ်ကား ဆေးမှုတ်သံ

မှတ်တမ်းတင်လွှာ တစ်ချပ်အတွက် ဂုဏ်ပြုကြေးစည်သံ

ကိုယ့် အိတ်အပေါက် ထက်

ကာလပေါ်တေး အကြောင်း ဆွေးနွေးဝိုင်းဖွဲ့သံ

မီးထွန်းမနေပါနဲ့တော့ …

သူ့အရောင် သူ့အမှောင် တွဲစပ်ပြီး …

ည” ဆိုလည်း နီယွန်မှိန်ဖျော့လေသော နေရာ နဲ့ ဘာ နဲ့

အကာလ” က ပနံရသွားပါလိမ့် …။






PM 9:50 30th MARCH


ရှိုက်မော



သိပါရဲ့လား … ချစ်သူ

ငါ့ မှာ

အတွေးတို့ သင်းဖွဲ့တိုင်း …

ဟုတ်တိုင်းမှန်ရာ လွမ်းနေလည်း

ဖူးရွရွ ငုံသစ်တဲ့

မင့် နှုတ်ခမ်း နီထွေးထွေး

ဖျော့အိအိငယ်ကို

ပဲ့ကြွေသွားမလား စိုးရိမ်လို့ …။   ။




Thursday, June 7, 2012

ခင်ဗျား ထင်သလို မဟုတ်ဘူး



အကန့်အသတ် ရှိတယ် ။

မလိုအပ်တာ မတွေးကြေး '

စိတ် ' အကြောင်း ပြောရင်

ကိုယ့် လိပ်ပြာ ကိုယ် သန့်ဖို့ ...

ကဗျာ ဆိုတာက

အလုပ်ရုံ မရှိဘူး

အနုပညာ ' မှာ

ကိုယ့် အသက် ဓာတ် အပေါ်

ရိုးသားဖို့ သာ ... လိုရင်း ...

ကိုယ့် စိတ် တောင် မှ ...

ကိုယ် ညာတယ် ဆို

ခင်ဗျား ' မှာ ဘယ်လို ကိုယ်ကျင့်တရား မှ

မရှိတတ်ဘူးပဲ ...




သိပ်ဝေးတဲ့ နောက်နေ့တွေ အကြောင်း ...

သိပ်ဝေးတဲ့ သူများ စိတ်နှစ်သိမ့်ရာ အကြောင်း ...

သိပ်ဝေးတဲ့ တခြား မှတ်ချက်တွေ အကြောင်း ...

ခင်ဗျား စိတ် ကို ခင်ဗျား မပျိုးနဲ့ ...

ရိုးသားခြင်း ... လို့

ဝင်သက် နဲ့ ထွက်သက် ကို ရှုမှတ်

အခုတခါ '

ကျူပ် ပြောတာတွေက

အများကြိုက် တော့ ... ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ...။




  
PM 9:34 6th JUNE 2012

Wednesday, June 6, 2012

ပျံသန်းရာ



ဘယ်' တောင်နံရံဆီ

အသိုက် ရွှေ့ရမယ် မသိတဲ့ ငှက်တွေ

ဘယ်' သမုဒ္ဒရာစီးကြောင်းမှာ

လေဟုန်စီးရမယ် မသိတဲ့ ငှက်တွေ

လီလီ နဲ့ တွေ့မှာပဲ ကြောက်နေရ ...

ဖြားယောင်းခံရသော နေ့များအတွက် ...

အရာရာ ဟာ အရာရာ ကနေ ပိုဝေးသွားခဲ့ ...

တစ်ခုပြီးမှ တစ်ခု လုပ်ကြ

တွေးစရာတွေ ... သိပ် ' များသွားရင် လည်း

သမိုင်း ကို မေ့လိုက် ၊ စစ်တမ်းတွေ ကို မေ့လိုက်

ပျံသန်းရာ က အရင် လို အရင် အတိုင်း

လေ' ဦးတည့်ရာ ...။    ။





PM 9:17 6th JUNE 2012

နောက်ဆုံးပေးစာ



စကာလုံးတွေက အားနည်းမယ် ။

တက်ကျမ်း ၊ အတ္ထုပတ္ထိ ၊ ဓမ္မစာပေ

နည်းလမ်း ဘယ်နှစ်ချက် ဆိုတာတွေ နဲ့

အသည်းအသန် ...

အချို့သော ဖြစ်ရပ်တို့ အပေါ်

မိမိကိုယ်ကို ခွင့်လွှတ်နားလည်ထားရ

ဖြစ်ပြီးမှ ပျက်ကြပါသတဲ့ ...


အတိတ်ကို ပြန်မတွေးနဲ့ ဆို

အသုံးချခံ ပစ္စည်း ဖြစ်ခဲ့ရခြင်း များ အတိုင်း

နှစ်လိုဖွယ် ...

စိတ်' ရှင်းပါစေကွယ် ...

ခေတ်ပေါ် ကာရန်

ခေတ်ပေါ် လေသံ

ခေတ်ပေါ် အဆုံးအဖြတ်အရ

ငါ့ကို ထားခဲ့ ...

တစ်သင်းတည်း ကစားဖော် မဟုတ်ခဲ့ရင်

မင်း နဲ့ ငါ

သစ္စာတရား အပေးအယူက

လိုရာမရောက် ရှိလိမ့်မယ် ။   ။






PM 8:56 6th JUNE 2012

အဲဒါ ကောင်းကင်ဘုံဖြစ်ဖြစ် ငရဲဖြစ်ဖြစ် …



တုံ့ပြန်ပြော …

တိုးတိုးညှင်းညှင်းကလေး

ပြန်ကြားရစဉ်တုန်းကတော့

ရင်ခုန်သံ မမြန်တတ်လောက်အောင်

ဖမ်းစားခံရပြီမှန်း

ဘယ် ရိပ်စားမိလိုက်မတဲ့လဲ

ကြွေအံ့မူးမူး ရွက်အိုတွေ

လေပြေလေညှင်း သွဲ့လေတိုင်း

စိုးထိတ်နေရသလို ...


မငြိမ့်သက်လေသော စက္ကန့်များ ရဲ့

လမ်းခွဲတေး အလွန် မှာ

ဘယ်သူ တစ်ယောက်ကိုမှ

ဘယ်လို မျှော်လင့် အိပ်မက်မှာမှ

ဘယ်လို စုံရီသက်ဝင်ညွှတ်နူးခြင်းမှာမှ

စိတ်နှလုံး ဟာ မသာယာတတ်လေတော့

ဒီ တစ်သက်စာ

စုံမက်သက်ဝင်ခြင်း ဆိုတာ

အဲဒီ အခိုက်အတန့် နဲ့ အတူ

သတိပြုမိခဲ့ပြီ ။   ။






PM 8:54 25th APRIL 2010

နွံ


သွေးလွှတ်ကြော တလျှောက် စီးဆင်းခဲ့ခြင်း ဟာ

သွေးပြန်လမ်း အတိုင်း ရောက်ရှိလာဖို့

နှလုံးသား ထဲ ဟေမိုဂလိုဘင် အလုပ်လုပ်ပုံ လို

ရိုးရိုးစင်းစင်း ...

တစ်ရစ်ထက် တစ်ရစ် ... လွန်နေခဲ့ပုံများ ...

သူ့အကြောင်း မတွေးဖြစ်တဲ့ နေ့တွေ ... ဆို

စိတ် ... ဟာ ... မလှုပ်သာ မလူးသာ ...

လမ်း ရယ် လို့ လှမ်းခဲ့တာပါပဲလေ ...

မိုး ကို မမြင်ရ ၊ လေ ကို မမြင်ရ မို့

သံယောဇဉ် နဲ့ ငြိပြီး ကျွံခဲ့

ရုန်းရခက်ခက် ...





PM 8:39 24th APRIL 2010

ခွင့်ပန်



ဘယ်တေးသွားအရ ကြော့သီသီ

ဒီကာရန်က နရီ မမှန်ဘူး တဲ့လား

ငါလည်း စကားလေး တစ်လုံးလောက် နဲ့

အားလုံး မင်သက်သွားအောင် ထိတော့ …

မတတ်စွမ်းဘူးကွယ် …



ဖြည်းဖြည်းပဲ ပြောပါရစေလား …

လူရိပ်လူကဲ ခတ်တတ်မှ

သတင်းခေတ်မှာ ၀င်ဆန့်နိုင်မယ်ဆို

အရယ်အပြုံး တဆုံးတစ ရယ် နဲ့

ကိုယ့် နိုးဖျခြင်း ကိုယ်

စွမ်းအင် ဖြည့်လိုခြင်း နောက် …

မင့် ပုံရိပ်ယောင် များက

ငါ့ ၀ိဥာဉ် အား ဖမ်းစားမှု အပေါ်

မင့် ကို ယုံအောင် ငါ ဘယ်လို ပြောရပါ့ …။   ။







PM 9:55 29th APRIL 2010

Tuesday, June 5, 2012

ငါ့ခံတပ်ဆီ သက်ရောက်လေသော စစ်မက်




စကားတင်းတင်းတောင် မဆိုဖူးကြဘူး … ရယ်

အပြုံးတွေ …

အပြုံးတွေ …

အပြုံးတွေ နဲ့ ပဲ …

သံယောဇဉ် သီချင်းလေး …

တိုးတိုးညှင်းညှင်း ဖွင့်ခဲ့တယ် ။



အထူအပါး နားမလည်လို့ …

အရိပ်အကဲ မကောက်တတ်လို့ …

ကြိုတင်ကြံစည်ပြီး …

အခွင့်အရေးလည်း မယူခဲ့မိ …



သနပ်ခါးနံ့လေး တစ်ရှိုက်စာ နဲ့ …

ထိုနေ့ကို

ထားခဲ့ချင်လည်း ထားခဲ့ပါကွယ် …

ရင်တောင်ကုန်းမှာ

စိုက်ထူသော ပ၀ါဖြူ လွင့်ပါးရာ တလျှောက်

ကိုယ် တော့ ...

မင်းရှေ့မှာ ဒူးထောက်လဲကျပေးလိုက်ပါပြီလေ …...






PM 10:22 24th MAY 2010

Monday, June 4, 2012

သစ္စာ

 
 
စိတ် သံစဉ် သိပ်မြင့်သွားတဲ့ ရက်တွေ အပါအ၀င် ...

ကယုကယင် လျှာ နဲ့ သွား ... နေ့တွေ ... အဆုံး

ကိုယ်ကျင့်တရား နရီ အလိုက်

ပဲ့တင်သည့် ခရမ်းနုရောင် တေးတစ်ပုဒ်

စွဲလမ်းခြင်း မှာ ...

လိုအပ်တာ ထက် နာဖျားထားတဲ့ အကြင်နာ

တိတ်တိတ်လေး ခိုး'မက်သော အိပ်မက်များ

ကိုယ့်ကိုယ်ကို ကိုးကွယ်ကြရင်းက

တခြားသူ အတွက် စဉ်းစားတတ်စေခဲ့

ဒီဘက်ခေတ် ရှားပါးကုန်ပစ္စည်း စာရင်းဝင်

ကျွန်တော်ရော ခင်ဗျားပါ ရှိသင့်တဲ့ အရာ ... ။


 


PM 8:30 26th MAY 2010

ချိန်းဆိုမထားမိကြဘူး



ဖျတ်' ခနဲ မြင်တွေ့ရ

ရိုးရိုးသားသားပါပဲ …

မြို့တစ်ခွင်လုံး လိုက်ရှာမိပါရောလား …

ခင်ဗျားတို့ ထင်သလို

ကိုယ်ထင်ပြခြင်းတွေ ဘာတွေတော့ မဟုတ်ခဲ့ဘူး ။

စိတ်မရှိနဲ့ …

ဒီအချိန် ဒီနေရာ မပြောလိုက်မိတာ တစ်ခုပဲ ...

သူမ' က

ကျွန်တော့်ကို ရှောင်ချင်ရှောင်နေပါလိမ့်မယ်လေ ...




သိပ်ကို

ဆယ်ကျော်သက် ဆန်သွားတယ် ပြောရင်တော့

ပန်းလေးတစ်ပွင့် '

ဖြည်းဖြည်းကလေး ဖူးသစ်လာတာမျိုး

ခင်ဗျား မစောင့်တတ်သေးပါဘူး ' ပြန်ပြောမိမယ် ။

စိတ်ကူး … သက်သက် ပေါ့

အဲဒီ့ ပုံရိပ်နဲ့

အရုဏ်ရောင်ခြည်တွေ အကြောင်းတော့

ပြောမပြတော့ဘူး ။   ။





PM 9:20 26th MAY 2010

Saturday, June 2, 2012

ပန်ကာ

နေပျော်အောင် ” ညာထားရတဲ့

မော်တာတစ်လုံး နဲ့

ပူလောင်သူတွေ အပေါ်

အေးမြစေလိုခဲ့ပါရဲ့ …



စွမ်းအင်ထွက်ရာ

ဒုက္ခပတ်ရေ အလျှောက်

ရံဖန်ရံခါ …

သိပ်မြင့်သော အခန်းတွင်း အပူချိန် ကို

မကျော်လွန်နိုင်တော့မှ သာ

စိတ်” ကိုလှည့်ပြီး ထွက်လာတဲ့ လေ” က …

ထင်သလို မဟုတ်လို့

ဟုတ်သလို မထင်ကြ …



ကိုယ့် နေ့ ကိုယ် …

အမြီး အမြောက် မတည့်သော အစဉ်အတိုင်း

လောကဓံ အ၀န်းအ၀ိုက် အလျောက်

ရောက်ပေါက်သွား

ကိုယ့် အကျအပေါက်များ

သိပ် အရှိန်မြင့်လွန်းသွားတဲ့အခါ

တစ်ယောက်ယောက် ရဲ့ သက်မတွေ နဲ့ ပစ်”ပျော်ထားရ



တစ်ခုခုသာ ပြောခွင့်ပေးလို့ …

ပြောလို့ ရစတမ်း ဆို …

ဟိုးတုန်းက …

မျက်ခုံးမွှေး စင်္ကြံ ဖွင့်ဆိုခြင်းတွေ …

ပုံသေနည်းဆန်ဆန် ဆိုရိုးတွေ နဲ့ …

တံဆိပ်တစ်ခုခု ကပ်မပစ်လိုက်ဖို့မျှ …။   ။




  
PM 8:30 22nd MAY 2010

LinkWithin

Related Posts Plugin for WordPress, Blogger...