ဇာတိချက်မြုပ် မွေးရပ်မြေ
ယဉ်ကျေးမှု အစဉ်အလာ
ဂုဏ်သရေ ကြီးမားရာ အရပ်
မြန်မာမှုရဲ့ နောက်ဆုံး ခံတပ်မြို့
လွင်ပြင်ဆန်သော ရာသီပူပြင်းမှုက
မိတ်ရင်းဆွေရင်း ရောင်းရင်းများရဲ့
ချစ်ခြင်းမေတ္တာမှာ အေးမြသွား ...
မန္တလေးတောင် ၊ ကျုံးရေပြင် ၊ တောင်သမန်
အရာရာက လွမ်းမောဖွယ် ...
ငါမသိတဲ့ ငါရှိခဲ့တဲ့အရပ်က နွေးထွေးမှုတွေ
ရင်နဲ့ မဆန့်အောင်
ကြည်နူးမိ လှိုက်မောမိ ဝမ်းနည်းဝမ်းသာ
အကြောင်းကြောင်းကြောင့်
ကွဲကွာနေကြရပေါ့
ပျော်ရာမှာ မနေရ ၊ တော်ရာမှာနေရပေါ့
အကျိုးမလိုဘဲလောင်းတဲ့ ညောင်ရေတွေ
စိတ်ရောကိုယ်ပါ နှစ်နှစ်ကာကာ စကားစစ်စစ်တွေ
လှိုက်လှဲပျူငှာ စာနာမှုတွေ
အံ့ဩစရာတွေကြောင့် ငိုင်သွားတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
အထပ်ထပ် အခါခါ
နောက်ဆုံး ငါတစ်ယောက်တည်း ပြန်ဖြစ်သွားတော့မှ
ငါဟာ ရန်ကုန်ရဲ့ ယန္တရားကြီးထဲမှာ
ပင်နယံတစ်ခုလို
ခွေးသွားစိတ်တစ်ခုလို
နေ့တဓူဝတွေနဲ့
အရင်လို အရင်အတိုင်း
ရုန်းကန် ....။ ။