Thursday, September 6, 2012

မြစ်ကြီးနား


သွေး ကို သွေး နဲ့ စကားပြောခဲ့ကြ

ကျွန်တော့်ဘက်က သိမ်းမထားတတ်မှု ဥာဉ်' အတိုင်း

ခင်ဗျား စိတ်တွေလည်း ပွင့်လင်းရိုးသားကုန်ကြ

တစ်ယောက် နဲ့ တစ်ယောက်ကြားမှာ

ဘယ်တုန်းကမှ မလိုအပ်ခဲ့တဲ့ အားနာခြင်းကို ထားခဲ့လိုက်နိုင်

ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း ဆက်ဆံ

ဒါကပဲ မြို့ရဲ့ ယဉ်ကျေးမှု ဖြစ်တယ် ။

အလုပ် ကို အလုပ် နဲ့ တူအောင် လုပ်တတ်တဲ့ မြို့

သီချင်း ကို သီချင်း နဲ့ တူအောင် ဆိုတတ်တဲ့ မြို့

အရက် ကို အရက် နဲ့ တူအောင် သောက်တတ်တဲ့ မြို့

အချစ် ကို အချစ် နဲ့ တူစေပြီး

အလွမ်း ကိုလည်း အလွမ်း နဲ့ တူစေခဲ့ ...


ကရိန်နော် ၊ ဂျော်ဘွမ်တောင် ၊ ဗလမင်းထင်

Kiss Me ၊ ပင်လယ်ကွေ့ ၊ ဂျိန်းဖောသူ

ကမ်းသာယာ ၊ Summer House ၊ ရွှေတောင်ဂါးဒင်း

အပန်းဖြေစရာ ... နားခိုရာ ...

စိတ် အင်ဂျင်ကို ပြန်လည် အားဖြည့်ရာ

ဘယ်နေရာပဲ ဖြစ်ဖြစ်

ခင်ဗျား သိပ်မုန်းတဲ့ ဟန်လုပ်ထားခြင်းတွေကိုတော့

တပြားသားမှ တွေ့ရမှာ မဟုတ်ဘူး ။


ချစ်သူလမ်းမှာ လျှောက်

တချို့သော ခင်ဗျား နှစ်ကာလများရဲ့ ပျောက်ရှမှုတို့ကို

စီးမျောနေတဲ့ ရေအလျဉ်နဲ့ ဖြစ်ဖြစ်

လွင့်ဝဲနေတဲ့ တိမ်စိုင်တွေကို ငေးမောရင်း ဖြစ်ဖြစ်

ဟိုးဘက်ကမ်းက တောင်တန်းတွေဆီမှာ ဖြစ်ဖြစ်

ပြန်လည် ရှာဖွေ တွေ့ရှိနိုင်ကောင်းရဲ့


ရံဖန်ရံခါ ဘာသာစကား ကွဲပြားမှုတွေ ကြုံရတဲ့အခါ

စိတ်အချင်းချင်း ဆက်ဆံရတဲ့ နွေးထွေးမှုရဲ့ အရသာကို

ခင်ဗျားလည်း နှစ်ခြိုက်လိမ့်မယ် လို့ မျှော်လင့်မိပါရဲ့

ရိုးရာဆန်တဲ့ အစားအစာတွေနဲ့

နှစ်ရှည်ပင်ကြီးများရဲ့ ဥတုရာသီမှာ

ခင်ဗျားလည်း မကြာမီ အသားကျသွားလိမ့်မယ် လို့

မျှော်လင့်မိပါရဲ့


မနီးမဝေး အရပ်ဒေသတွေဆီက

မကျေလည်မှုတွေ အကြောင်းတော့ ခဏဖြစ်ဖြစ် မေ့ထားရလိမ့်မယ်

ကိုယ့်ဘာသာ အစာရှာနိုင်ပါရက်နဲ့

စိတ်ကို သံကြိုးခတ်ခံထားရတဲ့ မျောက်တစ်ကောင်လို

တချို့ခြင်းရာတွေက လွတ်လပ်မှု လျော့ပါးနေနိုင်တာပဲလေ

ဧရာဝတီ ရဲ့ အစ

ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၆) ပေ ကျော် က

ဆုတောင်းတွေအကြောင်းတော့

ကျွန်တော်တို့ 

ဖြေးဖြေးမှ ပြောကြရအောင် မိတ်ဆွေ ... ။    ။






PM 11:48 5th September 2012

3 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကတကယ့်ကို ကောင်းတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးဖတ်ပြီးမြစ်ကြီးနားကိုတောင် လွမ်းသွားပြီ..
အသီးအနှံနဲ့ ပန်းမာန်ပေါတဲ့မြို့ကလေး..
ချစ်စရာမြစ်ကြီးနား..

SML (The Chara Project) said...

ပုံတွေနဲ့အတူ မြို့ကလေးကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ပုံဖေါ်ပေးတဲ့အတွက် ကျေးဇူး၊၊ အိမ်ကို မရောက်ဖြစ်တာ နှစ်တွေကြာခဲ့ပေမယ့် မြင်ယောင်လိုက်တိုင်း ရင်အေးတယ်၊၊

LinkWithin

Related Posts Plugin for WordPress, Blogger...