ဒီလိုတွေ စကားချီ နေပြီ ဆိုကတည်းက ... တစ်ခုခုကို ဘယ်သူ့မှ အားမနာဘဲ ..
တောရမ်းမယ်ဖွဲ့ လက်သရမ်းတော့မယ် ဆိုတာ ... သိလောက်ကြရောပေါ့ ...
ဟိုတစ်ရက် ... မောင်စုံကြီး နဲ့
ဘီယာသောက်ရင်း ည နက် သွားတော့ ... သိတော်မူကြတဲ့အတိုင်း ... ရပ်ကျော်
ရွာကျော်မှ ကြံကြီးစည်ရာချင်တဲ့ ၀သီလေးစေ့ဆော်မှု ဆန္ဒအလျောက် ...
ပြင်ဦးလွင် တက်ဖို့ တိုင်ပင်မိကြပါရော ... ။
ဒင်းကလည်း ... အတော်
စိတ်ဆာနေတယ် ထင်ပ ... ညကြီး မင်းကြီး တွေ ဘာတွေ နှစ်ခွန်းလောက် ...
ဟန်ဆောင်ပန်ဆောင် ပြောပြီး ပြောနေ ကြာမယ် ၊ ပြောမနေ မကြာဘူး ဆိုပြီး
သဘူတောလိုက်ပါလေရော ... ။
ဒီလို နဲ့ ပဲ ... မှောင်ကြီး မည်းကြီး
... တောင်ပေါ်လမ်း ခရီးမှာ " အိုးပါး ... ဂမ်းနားစတိုင် " နဲ့ ပြင်ဦးလွင်
မြို့ကလေးဆီ မနက် ၃ နာရီ ခန့် မှာ ဆိုင်ကယ်လေး တက်ကလောက် တက်ကလောက် နဲ့
ရောက်ခဲ့ကြလေတယ် ပေါ့လေ ... ။
ခဏတဖြုတ် အိပ်စက်ပြီး ...
အလင်းရောက်တဲ့ မနက်ခင်း ... မောင်စုံကြီး နဲ့ သမီး ယောက်ဖ တော်တဲ့ ဆရာသမား
ကိုမြတ်သူ ရဲ့ " ရွှေပြည် " မှာ ရေမိုးချိုး မနက်ခင်း လေ့ကျင့်ခန်း အတွက်
အားယူရင်း ဟိုဟိုဒီဒီ စကားစမြည် ပြောနေကြတာပေါ့ ...။ မောင်စုံကြီး ရဲ့
သူငယ်ချင်းများ ရောက်လာတော့ ... ရွှေပြည် လည်း လူစည်ပြီး ... ဘာရယ် မဟုတ်ဘဲ
မြူးတူးနေကြရင်း ... လမ်းဆုံကို သွားမယ့် အစီအစဉ် ဖြစ်လာတော့တယ် ...။
လမ်းဆုံ ဆိုတာကတော့ ... ပြင်ဦးလွင် ကနေ ... မိုင် ( ၂၀ ) လောက် သွားရတဲ့
နေရာလေးပါ ... ။ ဘာမှတော့လည်း ထူးထူးခြားခြား မဟုတ်ဘူး ။ Morning Star
ဆိုတဲ့ ဆိုင်လေး ဆီ သွားကြတာ ... ။ အဲ့မှာ ငါးခူ မျှစ်ချဉ် စားကောင်းတယ်
ဆိုလို့ ...။
ခရီးက နည်းနည်း လှမ်းတာရယ် ... နေ့လည် ( ၁ ) နာရီ
လောက် ရှိနေပြီ ဆိုတာရယ် နဲ့ မောင်စုံကြီး က ကျွန်တော့် အပြန်ခရီးအတွက် နဲ့
နားအေးပါးအေး နေချင်စိတ်လေး စွက်ပြီး မလိုက်တော့ဘူး ပြောပါသေးတယ် ။
ကျွန်တော်ကပဲ ... ခရီးသွား ၀ါသနာပါသူကြီး ဖြစ်လေတော့ ... သူ့ကို နားချပြီး
... တိုက်တွန်းလိုက်တော့လည်း ... စိတ်ကောင်းရှိတဲ့ သူငယ်ချင်းပီပီ ...
ကျွန်တော့် အနွံအတာ ကို ၀ဋ်ရှိသရွေ့ သည်းခံတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်
တွေ နဲ့ သဘူတောရတော့တာပါပဲ ...။
ဆိုင်ရောက်တော့ ... ရှမ်းမလေးတွေ
ညက်လိုက်တာဗျာ ...ဟဲ ဟဲ ... ငါးခူချောချောလေးတွေ စားသောက် ... RUM Royal
Edition လေး နဲ့ ကလေးမလေးတွေ ပျူငှာဖော်ရွေမှုကြားမှာ အတော်ကို သာယာပါဘိတော့
...။
မိုးကတော့ ... တောင်ပေါ်လည်း ဖြစ်ပြန် လပြည့်နေ့လည်း
ဖြစ်ပြန် မို့ ထင်ပါရဲ့ ... ဖွဲဖွဲလေး ကျိတ်လိုက် ... စိတ်ပေါက်ရင်
သည်းလာလိုက် နဲ့ ရာသီဥတုပီပီ အလိုက်တသိ ကူညီနေသေးရဲ့ ...။
မောင်စုံကြီးက သောက်ရင်းစားရင်း ... ကားပဲ မောင်းရတာ မ၀သေးလို့လား ...
ရှမ်းပြည် အရိပ်အငွေ့တွေကြားမှာ ... သာယာကြည်နူးစိတ်တွေ ယိုဖိတ်လာတာလား
မသိပါဘူး ... ဂုတ်ထိပ် တံတားပေါ် လမ်းလျှောက်ကြည့်ချင်သတဲ့ ... ။ သံလမ်းပေါ်
လျှောက်လှမ်းဖို့ မဖြစ်နိုင်ပေမယ့် ... ဂုတ်တွင်း နဲ့ ဂုတ်ထိပ်
ရှုမျှော်ခင်းတွေဆီ ဆက်လက်ခရီးဆန့်ကြဖို့ ... အားလုံးက သဘူတောကြပြန်ပါရော
...။ မောင်စုံကြီးကလည်း ... ခေါ်တော့သာ မနည်းခေါ်ရတယ် ...
စိတ်ပါပြီ ဆိုတော့လည်း ... သူ မှ သူ ပဲ ... ။
ဒီလိုနဲ့ ... ဂုတ်တွင်း အဆင်း ... ကားသမလေးတစ်ယောက် နဲ့ ကလိတိတိ ဖြစ်တာ ၊
တလမ်းလုံးလိုလို ရယ်လိုက်မောလိုက် အတောမသတ်ဖြစ်တာ ၊ သစ်တောသစ်ပင်
စိမ်းစိမ်းစိုစို ရှိတာတွေ နဲ့ စိတ်တွေ ပြိုင်တူ ဆွတ်ပျံ့ရီဝေမှု မှာ
စီးမျောနေခဲ့ကြတယ်။ လမ်းတွေက မိုးရေ နဲ့ စွတ်စိုနေပြီး ... ထုံးစံအတိုင်း
အလူးအလွန့်တွေ နဲ့ မို့ ... ဂျစ်ကားပေါ် စကိတ်စီးကျင့်ခဲ့ကြရသလိုပါပဲ ။
မောင်စုံကြီး က လည်း .. Triple 5 ( 555 Cigarette ) Sponsored ... ငယ်က
ကြည့်ဖူးတဲ့ ကားမောင်းပွဲတွေဆီ သတိရမိအောင် မောင်းပေးတာလည်း ပါတာပေါ့လေ ...
။
ဂုတ်တွင်း တံတားကို ခပ်မှိုင်းမှိုင်းပဲ လှမ်းမြင်ရပေမယ့် ...
ဂုတ်တွင်း အတက်အဆင်းလမ်းတွေ နဲ့ သဘာဝ ရဲ့ ဖမ်းစားမှုတွေက အားလုံးကို
စိတ်ပြေလက်ပျောက် ၇ှိစေခဲ့ပါတယ် ။ ဂုတ်တွင်း တစ်ဖက်ထိပ်မှာက ရွှေဖီမြိုင်
ရှုခင်းသာ တဲ့ ... ။
တကယ့် ရှုခင်းသာပါပဲ ... ။ ဟိုးအရှေ့ဘက်
တောင်တွေကြားက လမ်းအကွေ့အကောက်တွေ လည်း ပီပီပြင်ပြင် မြင်ရတယ် ။
အနောက်ဘက်ခြမ်းမှာလည်း တောင်ထိပ်တွေက တိမ်တွေ နဲ့ တောင်ခိုးတွေ ဝေပြီး ..
ထိဆက်နေကြတယ် ။
ဒီနေရာက ရှုခင်းတွေကို အရသာရှိရှိ မြင်ရတော့မှပဲ
တလမ်းလုံး ညောင်းညာနေခဲ့တာတွေပျောက်ပြီး အကြံရတဲ့ မောင်စုံကြီး ကို
ကျေးဇူးတင်မိတော့တယ် ။
ဂျစ်ကားခမျာတော့ ... နတ်ခေါင်း (မူလီ) တွေ
ပြုတ်ထွက်ကုန်တယ် ။ အပြန်လမ်းကျ မတ်တတ်ရပ် သိပ်မစီးဖြစ်ကြတော့ဘူး ။ ဂျစ်ကား
အမိုးကိုင်းက အိနြေ္ဒ နည်းနည်း ပျက်နေပြီလေ ။ ပြင်ဦးလွင်
ပြန်ရောက်တော့မှပဲ နတ်ခေါင်း(မူလီ)တွေ ၀ယ်ပြီး ပြန်တပ်ကြရတယ် ။ " ရွှေပြည် "
ကနေပဲ လူစုခွဲခဲ့ကြတယ် ။ ကျွန်တော်လည်း ၇ နာရီ လောက် ဖြစ်သွားတော့ ..
နောက်တစ်ရက် မနက်မှပဲ အစောဆုံး မန္တလေး ပြန်ဆင်းဖို့ စဉ်းစားရတော့တယ် ...။
ဒီ ပို့စ် ကို ရေးရင်း နဲ့ ရော ဒီ ခရီး ကို သွားနေခဲ့တုန်းကရော စိတ်ထဲ
တွေးမိတာ တစ်ခု ရှိတယ် ။ သူငယ်ချင်းတွေ ကြားမှာ ရှိတဲ့ အရောင်တူတဲ့စိတ် ၊
ရိုးရှင်းလင်းပွင့်တဲ့ ဆက်ဆံရေး ၊ တစ်ယောက် အပေါ် တစ်ယောက် ဖေးမညှာတာစိတ်တွေ
အပေါ် ပိုပြီး နှစ်သက်လာမိတယ် ။ တခါတလေ ဘ၀မှာ တစ်ခုခု ကို ရွေးချယ်ရမယ်
ဆိုတဲ့ အခါတိုင်း သူငယ်ချင်းတွေ ဘက်ကိုပဲ အလေးသာပေးခဲ့ဖူးတဲ့ ကိုယ့်စိတ်
ကိုယ် လည်း ... ပိုပြီး ထောက်ခံလာမိတယ် ။ နောက်ပြီး ... စီစဉ်ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေထက် အခုလို စိတ်ရူးပေါက်တယ်ပဲ ပြောပြော ...
မစီစဉ်ထားဘဲ စိတ်တူကိုယ်တူ သွားဖြစ်ခဲ့ကြတာမျိုး ကို ပိုပြီး မှတ်မှတ်ရရ
ဖြစ်မိတယ် ။
အဆုံးသတ်အနေနဲ့ကတော့ ... ဒီလို ခရီးမျိုး ကို သွားရတာ
တကယ်ကို စိတ်လက် ပေါ့ပါးခဲ့ရကြောင်း ... အတူသွားခဲ့တဲ့ သူငယ်ချင်းများ က
လည်း ကျွန်တော့် အမြင်ကို ထောက်ခံကြလိမ့်မယ် လို့ ယူဆပါကြောင်း ... ပို့စ်
တစ်ခုလုံး ရဲ့ အရေးအသား ၊ အတွေးအမြင် အားလုံးက ကျွန်တော့် အနေနဲ့
စိတ်ထဲပါသလို ရေးခဲ့မိတဲ့ အတွက် ... တစ်ဦးတစ်ယောက် အပေါ် ၊ တစ်ခုခု အတွက်
အနှောက်အယှက် ၊ အထိအခိုက် ဖြစ်ခဲ့မည် ဆိုရင် ခွင့်လွှတ်ကြစေချင်ပါကြောင်း
...
1 comment:
ပုံတွေကြည့်ရင်း.. စာတွေဖတ်ခဲ့ပါတယ်.. ခရီးသွားတာဟာ.. စိတ်လွတ်ကိုယ်လွတ်ရှိပြီး..
ဦးနှောက်နဲ့အတွေးအမြင်တွေကိုလည်း သစ်စေတယ်..
စိတ်အပန်းလည်း ပြေပြီး ဗဟုသုတလည်း ရစေတယ်.. ကောင်းပါတယ်..
Post a Comment