Friday, January 3, 2014

ပဉ္စလရာဇ် အဆန်ဆုံး ညတွေ ...



ညှင်းသွဲ့လူးခတ်လေသော လေပြေ နဲ့ ဘာ နဲ့

ငြိမ်ဆိတ်တိုးလျလေသော အရွေ့အလျား နဲ့ ဘာ နဲ့

ခင်ဗျားတို့ ကျုပ်တို့ သိပြီးသား ပုံစံမျိုး

ည ဟာ ပဉ္စလရာဇ် ဆန်နေ ...

နောက်ကျ ... နောက်ကျ ... နောက်ကျ

ဘဝ ရဲ့ နှစ်ကာလ တစ်ခု ဆီ နောက်ကျ

ဆိတ်ဖလူး ရနံ့တွေ မွှေးရီခြင်း ဆီ နောက်ကျ

တံတားအမှတ် ဆယ့်တစ်မှာ နောက်ကျ

ပေါက်ကွဲမှု ရစ်ခ်ျတာစကေး နှစ်ထောင်မှာ နောက်ကျ

မီးလျှံမီးညွှန့် ၉၉ မှာ နောက်ကျ

ကန့်လန့်ကာ ဆက်တင်မှာ

နောက်ခံကားများက အစ မှားနေပါသတဲ့ ... ။

ညံ့သက်လေသော တွေးခေါ်မှု နဲ့

ဖြူးဖျလေသော ဆင်ခြင်ဥာဏ် နဲ့

ခရီးလမ်းတလျှောက် မီးတောက်မီးစတွေ က ဝေးရာဆီ ...

စိတ်သွားတိုင်းလည်း ကိုယ်မပါ

ကိုယ်ပါတိုင်းလည်း စိတ်မသွားတတ်တော့ ...

ဝိဝါဒ ကွဲပြားပုံတွေချည်းပါပဲလေ

နည်းနည်း နားရှုပ်ချင်စရာ

နည်းနည်း ခလုတ်ရှုပ်ချင်စရာ

နည်းနည်း အချိတ်အဆက် လွဲမှားချင်စရာ

ဦးနှောက်ဖောက်စားချင်သူများ နဲ့ သာ

ငါတို့မှာ တွေ့ရပြန်ဦးတော့မယ် ။

ဤခရီး နီးပါသတဲ့လား ...

ဝဋ်နာကံနာ ၊ အလေ့ကျ ပျိုးပေါက်ရာ

ကံအကျိုးအကြောင်းမသင့် ၊ ရေကြည်ရာ မြက်နုရာ

ကျသင့်ငွေ စာရင်းထဲ

စားဝတ်နေရေး အမျိုးအမည်အောက်

အကြွေး ချည်း မှတ်ခဲ့ရတယ် ။

စိတ် အမောကြီး နဲ့ တီးတဲ့ အသံ မို့ နားဆူပေမယ် ။

သက် အလျှောကြီး နဲ့ ပြေလိုက်တဲ့ အလျဉ် မို့ ခါးပူနေမယ် ။

လောက အတွက် အကောင်းဆုံးလက်ဆောင် ... ပျောက်ရှခဲ့ရပြီ

တမိုးထဲအောက် က ရင်လှိုက်မြည်ဟီး တွန်ကျူးသံများ ... ဆွံ့အခဲ့ကြပြီ

ဖိနပ်ပါးလေး တစ်ရံ နဲ့ ပဲ အိမ်ပြန်ခဲ့တော့တယ် ။

ဆက်သွယ်မှု ဧရိယာ အပြင်ဘက် က အသံတွေ လည်း

လိုင်း က မမိတစ်ချက် မိတစ်ချက်

စည်းလွတ်ဒုန်းလွတ် စိတ်အချဉ်တွေ လည်း

အောက်ခြေ က မလွတ်တစ်ချက် လွတ်တစ်ချက်

အမှတ်ပေးစည်းမျဉ်း နဲ့ အညီ အဖြေလွှာတွေ လည်း

ဂုဏ်အင်္ဂါရပ်တို့ နဲ့ သာ ညီပြီး ရသ က မပါတစ်ခါ ပါတစ်ပါ

နေ့ညအမှီ အော်ပရာတွေ လည်း

ကျန်းမာရေးအတွက် ဗီတာမင် က မပြည့်တစ်လှည့် ပြည့်တစ်လှည့်

အလှည့်ကျ တန်းစီဇယား ရှိပါသေးသတဲ့ ...

အောက်ခြေတိုင်း အနားညီမလား ကြည့်ရ

စကားလုံးတိုင်း ဝစ္စပေါက် ပါရဲ့လား စစ်ကြောရ

လမ်းဆုံးတိုင်း ဂငယ်ကွေ့ဖြစ်လေမလား သုံးသပ်ရ

ရေစုန်မျောတော့ မြန်လိုက်တာ

ဝိုင်းဖွဲ့ပြီး ရယ်မောခဲ့ကြပါတယ် ။

စုအုံပြီး ပေါ့သွမ်းသွေးခဲ့ကြပါတယ် ။

သတိဆွဲပြီး အမှတ်စဉ် အော်ခဲ့ကြပါတယ် ။

ဘဝ နဲ့ ဘဝ ပေါင်းတဲ့အခါ

သုည က စပြီး ရေတွက်ရတော့တယ် ။

ကရမ်းကသမ်း တိုင်တည်ချင်စရာ နတ်ဘုရား မရှိ

အလင်း အလျော့အပါး တိုင်းတာချင်စရာ မျဉ်းကပ်မျဉ်းမတ် မရှိ

နားတစ်စုံ ဆီ ကြားသိစေလိုတိုင်း

နံရံတစ်ချပ် ဆီ ကန်ကျောက်ချင်လေတိုင်း

တံတိုင်းတစ်ခု မှ ကျော်လွှားချင်လေတိုင်း

ခံတပ် ကို သစ်ဝါးအစုံ နဲ့ ပြီးပြည့်စုံစေအောင် ...

အစွန်အဖျားတွေ က သူတစ်ပါး ကို မထိရောက်လေအောင် ...

အကိုင်းအခက်တွေ က စည်းရိုးခြံခြား ပေါ် မကျော်လွှားနေအောင် ...

ယေဘူယျ ရေပြင်ညီ အမှတ် က ကမ်းပါးမှာ မကပ်ငြိပေအောင် ...

ငါတို့မှာ

ကိုယ့် တာ နဲ့ ကိုယ်

ရွှေသမင် အထင် အတွက် ထောင်ချောက်ဆင် ... ။    ။









PM 11:00 23rd MAY 2011

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...