Saturday, September 14, 2013

အရူး


အဲဒီ့ မတော်တဆမှု ဖြစ်ပြီးတဲ့နောက် ...
သူလည်း ...
သွက်သွက်ခါအောင် ...
ရူးသွားရှာတော့တာပါပဲကွယ် ...

အဲဒီ့ လူ ...
အဲဒီ့ လူ ...
မမြင်ရတဲ့ အသံတွေ လိုက်နားထောင်လို နားထောင်
မကြားရတဲ့ ဓာတ်ပုံတွေ လိုက်ကြည့်လို ကြည့်
ပါးစပ်ကလည်း ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ...
ငါ့ကို လှည့်စားစမ်းပါဦးကွယ် ... နဲ့
တတွတ်တွတ် ရွတ်နေပြန်တယ် ...

ကလေးတွေ က ၀ိုင်းအော်ပြီး စ' ကြတာပေါ့ ...
လူတချို့က တော့ ...
တွေ့ရတာ ကျက်သရေ ယုတ်သလိုလို
နှာခေါင်းရှုံ့သွားတတ်ကြတယ်
အရူး က တမူးသာ ပြီး
သူ က တခါတခါ ...
ဂစ်တာတွေ ဘာတွေတော့ တီးနေသေး
စိတ်မကောင်းစရာ က
သူ တီးနေတဲ့ ဂစ်တာက တစ်ကြိုး အပြတ်ကြီး နဲ့ ...

တစ်ခါတစ်ခါ
အရူး က လက်ထဲမှာ သခွားသီးတွေ ကိုင်ထားပြီး
ဘာကြောင့်မှန်းတော့ မသိဘူး
သခွားသီး ကို နမ်းနမ်းနေလေရဲ့ ...
ရွက်ဆုတ် ပြက္ခဒိန်တွေ ...
ပြလိုက်ရင်တော့ ...
အရူး က ထွက်ပြေးပါလေရော ...
အချိန်တွေကို ကြာအောင် စောင့်ရလေလေ
အချိန်တွေက ပိုလို့ ကြာသွားလေလေ သာ ဖြစ်ရ လို့
ပါးစပ် က လည်း အော်သွားရဲ့ ...

ညတွေဆို အရူး က မအိပ်ဘူး
လက်တွေ လေထဲ ဝှေ့ယမ်းပြီး
လေးဖြူ ရဲ့ ပြန်လာပါတော့ သီချင်း ကို
အကျယ်ကြီး အော်ဆိုနေတတ်တယ်
လူတွေ တွေ့ရင်တော့
အစွမ်းကုန် ပြုံးပြတတ်တယ် ...
ပြီးရင် ... သူ ဒီလို မပြုံးရတာ ကြာပြီ
ဖြစ်တဲ့အကြောင်း ...
သူ နားလည်သလို လိုက်လိုက် ရှင်းပြနေတတ်တယ်
ဘာဆေးမှားစားမိမှန်း မသိလို့ ရူးသွားတယ် လို့
သွားမရှင်းပြလိုက်ကြပါနဲ့ ဗျာ ...
အရူး တစ်ယောက် အတွက်
ဘာကြောင့် ရူးရတယ် ဆိုတာ သိရရင်
ရူးရတာ ပိုပြီး ရင်နာဖို့ ကောင်းသွားမှာ စိုးလို့ပါ ....

အရူး ဆိုတာ ...
ရူးနေရရုံ နဲ့ လောကမှာ လူဖြစ်ရကျိုးနပ်ပြီ လို့
အဲဒီ အရူး က ယူဆထားတယ် ထင်ပါရဲ့
ထမင်းလည်း မှန်မှန် စားပုံမပေါ်ဘူး
ရေလည်း မှန်မှန် ချိုးပုံမပေါ်ဘူး
တစ်နေ့ ...
မိုးကြီးလေကြီး ကျတော့ ...
အမြတ်တနိုး ... သိမ်းထားပုံ ရတဲ့ ...
လက်ကိုင်ဖုန်းဟောင်း
အခွံလေး တစ်လုံး ကို ကိုင်ထားတဲ့
အရူး ကို ...
အသက် မရှိတော့ဘဲ ... လမ်းပေါ်မှာ ... တွေ့ကြရတယ် ။    ။





PM 2:15 14th September 2013

2 comments:

လသာည said...

အရူးတစ်ယောက်ဘ၀ကို တစ်ခါတစ်ခါ ပိုအားကျမိသလိုပဲ...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သူ့ကို သနားလိုက်တာ.. ကဗျာလေး နောက်ကွယ်က ဇာတ်လမ်းလေးကိုလည်း ပုံဖော် မြင်ယောင်ကြည့်သွားတယ်။ ဘဝဆက်တိုင်းဆက်တိုင်း မျှော်မောမောရတဲ့အဖြစ်မျိုး ဝေးပြီး ချစ်သူနဲ့ ထာဝရ ပေါင်းစည်းနိုင်ပါစေလို့ ..

LinkWithin

Related Posts Plugin for WordPress, Blogger...