Saturday, August 17, 2013

ဖွင့်ဆိုချက်များ


တယောထိုးသံ အကြောင်းကို

စတင် စဉ်းစားမိစဉ်တုန်း ကတော့

ငွေ့ရည်ပျံတိမ်တိုက် ရဲ့

ဖွဲ့စည်းပုံ တည်မြဲရေးပဲ ရှေးရှုလို့ ...

အငြင်းအခုန်တို့ဟာ

သိမ်မွေ့စွာ လက်စသတ်ခဲ့ပါရဲ့။


ဥဒါန်းများ လှိုဏ်သံမှာ

ယုံကြည်မှု ဆိုတာလည်း ဇကာကျလို့ ...

ဗုံလုံတလှည့် ဗုံလုံတလှည့် ပဲပေါ့ ...

ခံစားမှု´ ဆိုရင်

မနေ့က အထိ ငါတို့ ထိတွေ့နေကျအရာ ဖြစ်ပြီး

စိတ်တခြား ကိုယ်တခြား´ ဆိုရင်တော့

အခု Tone အမြင့်ဆုံး ဖွင့်ထားသော သံစဉ် ဖြစ်မယ် ။


ပြီးပြီးရော ပြောကြစတမ်းတွေလည်း ထားလိုက်ပါ။

စိတ်ပါ လက်ပါ မျိုချရမယ့် အောက်ဆီဂျင်မျိုးနဲ့ပဲ

ငါက မနက်ဖြန်ကို နိုးထလိုတယ်။

ဒါကပဲ...

မျဉ်းပြိုင်များ ဖြစ်ကြောင်း သက်သေပြချက်။


ဝါလုံးရှည် နဲ့ ပတ်ရမ်းသလို ဖြစ်ခဲ့တာတွေ အတွက်တော့

စိတ်ထဲ မကောင်းလှဘူး။

အကြမ်းဖက်မှု ထဲက အနုပညာ ဆိုတာ

ယုံကြည်မှု တစ်ခုနဲ့ ပြုလုပ်သော ကဗျာ' ဓာတ် ဖြစ်ပြီး

သူလို ငါလို ဈာပန ဆိုတာမျိုးကျ ...

ကျော်ဖတ်နေကြ နောက်ဆုံး စာမျက်နှာလို

ပြီးပြီးပျောက်ပျောက် အကြောင်းတရားပဲ ဖြစ်ကြောင်း...။    ။




22nd August 2009

စိတ်ရဲ့ အလျဉ်


ပင်လယ်၊ နယ်ခြား၊ တောင်ပေါ်၊ ကန္တာရ

သစ်သီး၊ လေအေးပေးစက်၊ ရေကူးကန်

နေလောင်ခံ လိမ်းဆေးခရင်မ်

မကြည့်ဖြစ်သော လက်မှတ်နှစ်စောင်

မသွားဖြစ်သော လမ်းကြောင်းတစ်ခု

မနေဖြစ်သော အခန်းတစ်ခန်း နဲ့

ဟန်ဆောင်တာ မကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်

စိတ်ရော ကိုယ်ပါ လျှော့ချကြည့်ပါ

စိတ်နောက် ကိုယ်ပါ လုပ်ခဲ့တာတွေလည်း များပြီပဲ

စိတ်ပါလက်ပါ တွေးကြည့်ဖို့ထက်

စိတ်လိုလက်ရ လုပ်နိုင်သလောက်ဆိုရင်...

စိတ်သွားတိုင်း ကိုယ်ပါနိုင်ဦးမလား။    ။




22nd August 2009

မှားနေကြ အမှား



ရင်ခုန်သံ နဲ့ ပြုလုပ်ထားသော အနမ်းဆိုတာ
နာတာရှည်သော ကပ်ဆိုးတစ်ခု ဖြစ်ကြောင်း...
မသိမ်မွေ့သော လမ်းလျှောက်ဟန်ဆိုလည်း
ကြိုးတန်းဟာ အခါခပ်သိမ်း တုန်ခါတတ်ကြောင်း...
လူပြောသူပြောများတဲ့ ထောင့်ခန်းလေးမှာ
သာမန်လူတစ်ယောက် နေထိုင်ခဲ့ကြောင်း...
အစက ပြန်ပြန် စ´နေရသော
မီး ခဏ ခဏ ပျက်တတ်တဲ့
ဘ၀' ကား ပြသော ဒီနေ့ အကြောင်း...
ဘယ်လို ဆွဲဆောင်မှု မျိုး မဆို
အမှန်တကယ် လှည့်ဖျားမှုများ အဖြစ်
သတ်မှတ်လေ့ ရှိကြကြောင်း...
မနေ့က အထိ
ပျိုးထားလက်စ ပန်း´ ကို
ထုံးစံအတိုင်း
အညွှန့်ချိုးလိုက်ကြပါစို့ရဲ့...။    ။






22nd August 2009

Thursday, August 15, 2013

စောင့်ထိန်းမှုအကြောင်း တွေးဖြစ်တဲ့အခါ


တချို့တချို့သော စီးမျောပုံတို့မှာ

စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့

ဘ၀ထဲ .....

ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ

တွေးတောခွင့် မရှိလေတဲ့

ဘုရားသခင် ရဲ့ ကောင်းချီးပေးမှု တစ်ခု

ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ ...

ချိတ်ဆက်ထားပုံကတော့ လှလွန်း

ထိန်းချုပ်ထားတယ်ဆိုလည်း

လွှတ်'ခနဲ ဖြစ်မသွားဖို့

အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါ

ငါ့သို့ ပြုံးသော အပြုံးမှာ

ဂရုဏာ သက်ခဲ့ကြောင်း သိကြရလိမ့်...

ဒီလိုနဲ့ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ...

ပြီးသွားရမယ့် သာမန်ကိစ္စတစ်ခု ကွဲ့...

ဘယ်တော့မှ မဖွင့်ဟဖို့

ဘယ်တော့မှ မရှင်းပြဖို့

ဘယ်တော့မှ မလှစ်ဟဖို့

ဘယ်တော့မှ မလိုအပ်လို့

နောက်ဆုံး ...

ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်

သက်ရောက်မှု အလုံးစုံမှာ

တစ်စွန်းတစ်စမှ မရိုးသားခြင်း မရှိဖို့။    ။


PM 10:30, 10th September 2008

အဲဒီ့အတိုင်း လုပ်လိုက်ဖို့


ချစ်ခြင်းတရားမှာ...  

အနာအဆာမပါ၊ အဖုအထစ်မပါ

တကယ့်စီးမျောမှုသက်သက်အတိုင်း

ပကတိ ရိုးသားခဲ့ပါတယ်။ 

သက်သေပြစရာတော့...

နှလုံးခုန်သံပဲ ရှိတယ်။

စိတ်တိုင်း စိတ်တိုင်းရဲ့ အနုကမ္ပတ်မှာ

ဘ၀ရဲ့ အထားအသိုတွေ ရှိနေတတ်တာတော့ 

ထားလိုက်ဖို့...



လျှောက်လှမ်းကြပါစို့ရဲ့ 

ငါတို့ ကံလမ်းကြောင်း အတိုင်း.....

လုပ်ယူလို့ရတဲ့ ကံကြမ္မာတွေ အတွက်

ဝမ်းသာ ၀င့်ကြွား၊ ဆောင့်ကြွားကြွားနိုင်ဖို့ ရှိသလို

လုပ်ယူလို့မရတဲ့ ကံကြမ္မာတချို့အတွက်လည်း

စိတ်မပျက်ကြေး

သေးသေးလေးတွေကိုချည်း လိုက်မတွေးမိနေစေနဲ့လေ

ငါတို့

ဘယ်လောက် ခမ်းနားအောင် အိပ်မက်ထားတယ် ဆိုတာ

တွေးတိုင်း သတိရဖို့ ရှိသလို

သတိရတိုင်း တွေးဖို့ ရှိတဲ့အရာ။    ။





PM 11:47, 7th September 2008

Wednesday, August 14, 2013

အမှာစကား


ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
နှစ်သစ်ကူးကာလ ကိုလည်း လွန်မြောက်ခဲ့ပြီ
ပိုပြီးပြောပြစရာ ညများအကြောင်းလည်း မရှိတော့ပြီ
ဝသီလို့ မင်းပြောခဲ့တဲ့အတိုင်း
နေ့တွေအကြောင်းကို မေ့လိုက်ရအောင်ပါ။
တနင်္ဂနွေ ဆိုတာ ဘယ်လောက်လှလို့
ငါတို့ အားလပ်ချိန်ကို ထည့်လိုက်ရမတဲ့လဲ...
ကိုယ့်အတ္တ နဲ့ ကိုယ်ရွေ့ပါ။
စည်းခြားရိုးခြား
ငါ့ထက် ပိုတွေးရမယ့် မင်းအတ္တနဲ့
ငါ့အတ္တထက် ပိုတွေးရမယ့် မင်းအကြောင်းက
ဆွေးနွေးစရာ ဖြစ်လာမလားပဲ
အပြာရောင်နေ့များလည်း ရှိမယ်။
အ၀ါညစ်ညစ် နှစ်ကာလတွေလည်း ကြုံမယ်
တစ်ချက်မှတော့ ငဲ့ မကြည့်လိုက်ပါနဲ့
ဟိုတုန်းကထက် ပိုရွံတဲ့ မျက်လုံးမျိုးနဲ့
တစ်ခုသော ကမ်းလက်ကိုသာ
စိတ်လိုလက်ရ တွဲလိုက်ပါ။        ။




28th October 2008

ဖြန့်ဖြန့်လေး ဖြူးထားတဲ့ လမ်း



အလွင်…..
တတိယမျက်လုံးနဲ့ ကြည့်မှ မြင်မယ့် အာရုံမျိုး…
အက္ခရာတွေသက်သက်ပဲ
ဖော်ကျူးထားသော စိတ်ကူးမို့
ယုံနိုင်စရာလို့တော့ မထင်ရပါဘူး။
သောတကို အမြင့်ဆုံး ဖြန့်ထားပြီး
အတွေးချည်း ပုံဖော်ရမယ့် နည်းပညာ
ရိုးသားခြင်းက အခမ်းနားဆုံး ချပ်ဝတ်တန်ဆာ ဖြစ်ရ
ခံစားမှု အကြောင်း ပြောကြတဲ့အခါ
ဘယ်တုန်းကများ…..
အလိုအလျောက် နားလည်သွားမှု ထက်
တွေ့ဆုံဆွေးနွေးမှုတွေက အခရာ´ကျခဲ့ပါသတဲ့လဲ…
စကားလုံးတွေတောင် သိပ်ကြီး လိုအပ်လှတာတော့
မဟုတ်ဘူး။
တကယ့်တကယ်
တစ်ယောက်ရှိတဲ့ အတိုင်း
တစ်ယောက်က သိဖို့ဆိုတာက
အလုံးစုံ နွေးဖျပုံအပ်ခြင်း သက်သက်ပဲ ဖြစ်နေတတ်တာမျိုး…။        ။




21st August 2009

အရိုးရှင်းဆုံး မရိုးသားမှု


လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ

ဆယ်စုနှစ် နှစ်ခုသုံးခုစာ

တောက်ကျူးလာခဲ့ပါပြီလို့

ကြယ်ကလေးက တွေးထားပါတယ်…


ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်

ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို

ည´ဆိုတာသာ မမေ့လိုက်ဖို့

ရွေးချယ်စရာတွေတော့ ရှိတတ်

ဒီဘက်က ကမ်းတဲ့လက်မှ

အမှောင် ဒါမှမဟုတ် လင်းပ

ဒီလိုတော့လည်း မဟုတ်ရပါဘူး။


လှော်ပြီးခတ်တဲ့ လှေချည်း

ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ

ပဲ့ထိန်းပေးမယ့် တစ်နေရာ

တက်မ အလှည့်အနွဲ့ အစုံမှာ

အဲဒီ့လက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..




21st August 2009

မိန်းမ တစ်ယောက် အပေါ် သင် တကယ်ပဲ စုံစုံမက်မက် ချစ်ခဲ့ဖူးပါသတဲ့လား


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်ဖို့ရာ
သူမ အပေါ် နားလည်နိုင်ဖို့ ဆိုရင်
သူမ စိတ်တွေဆီ အတွင်းကျကျ သိမြင်ဖို့ လိုအပ်ရဲ့
အတွေး တိုင်း ကို ခံစားမိနိုင်ဖို့
အိပ်မက် အလုံးစုံ ဆီ မြင်မက်နိုင်ဖို့
သူမ ပျံသန်းလိုတဲ့ အခါ အတောင်ပံတွေ နှင်းအပ်ပေးဆပ်နိုင်တာမျိုး
သူမ ထံပါး
ကူတွယ်ရာမဲ့ တွဲမှီမိရင်း သင့်ကိုယ် သင် ရှာဖွေတွေ့ရှိနိုင်တာမျိုး
တကယ်ပဲ မြတ်မြတ်နိုးနိုး ရှိခဲ့ပြီ ဆိုတာ သိနိုင်ရဲ့


သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ ဟာ တကယ်ပဲ ပြင်းပြင်းပျပျ တောင့်တမှု ဖြစ်ကြောင်း
သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ သာ တစ်ဦးတစ်ယောက်တည်းသော စုံမက်သက်ဝင်မှု ဖြစ်ကြောင်း
ဒါက အမြဲတမ်း အတွက် နောက်ဆုံး ဖြစ်ကြောင်း
သူမ ကို တစ်စုံတစ်ယောက်က ပြောဖို့ ရှိလာတဲ့အခါ
ဒီတော့ ...
သင် တစ်ကယ်ပဲ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး
မိန်းမတစ်ယောက်ကို ချစ်ခဲ့ပြီလား ဆိုတာ ပြောပါ


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်ဖို့ရာ
သူမ သင့် ကို  ဘယ်လောက်တောင် နီးစပ်ထိတွေ့နေချင်လဲဆိုတာ သိလာတဲ့အထိ
သူမ ကို ထွေးပိုက်ထားလိုက်ဖို့
သင့် သွေးစီးမျောရာ တလျှောက်မှာ
သူမ ရဲ့ အငွေ့အသက် အစုံစုံ ပျော်ဝင်ခဲ့သလို
ခံစားမိသည် အထိ
သူမ  မေတ္တာတရား နဲ့ သင့် အသက်ဓာတ် ကို သက်ဝင်စေဖို့  
သူမ မျက်ဝန်းတွေမှာ
သင့် ရဲ့ မဖြစ်တည်သေးလေတဲ့ မျိုးဆက်တွေ အကြောင်း
တွေးသိလာသည် အထိ
တကယ်ပဲ မြတ်မြတ်နိုးနိုး ရှိခဲ့ပြီ ဆိုတာ သိနိုင်ရဲ့


အဲဒီ့မှာ မိန်းမတစ်ယောက် ကို တကယ်ပဲ ချစ်နှစ်သက်မိတဲ့အခါ
ပြောပါ
သူမ ဟာ တကယ်ပဲ ပြင်းပြင်းပျပျ တောင့်တမှု ဖြစ်ကြောင်း
သင် တကယ်ပဲ ချစ်ရပြီ ဆိုတဲ့အခါ
ပြောပါ
သူမ သာ တစ်ဦးတစ်ယောက်တည်းသော စုံမက်သက်ဝင်မှု ဖြစ်ကြောင်း
သူမ အတွက် သင် က အမြဲတမ်းအတွက် အတူရှိဖို့ရာ
သူမ ကို တစ်စုံတစ်ယောက်က ပြောဖို့ ရှိလာတဲ့အခါ
ဒီတော့ ...
သင် တစ်ကယ်ပဲ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး
မိန်းမတစ်ယောက်ကို ချစ်ခဲ့ပြီလား ဆိုတာ ပြောပါ


သူမ ကို တင်းတင်းကြပ်ကြပ် ထွေးပိုက်ပြီး
သူမ ကို ယုံကြည်မှု အချို့ ပေးအပ်ဖို့ လိုအပ်ရဲ့
နွေးထွေးကြင်နာမှုလေး တစ်ခု နဲ့
ယုယနွေးနွေး ရှိဖို့
အဲဒီ့မှာ ... သူမ က သင့်တွက်ရာ ဖြစ်လာမှာ
သင့် ဂရုစိုက်စောင့်ရှောက်မှု တို့ကိုလည်း လက်ခံမှာ
သင့် မိန်းကလေး အပေါ်
သင် တကယ်ပဲ မြတ်မြတ်နိုးနိုး ချစ်ရဲ့ ဆိုတာ
ဒီလိုနဲ့ သေချာခဲ့ပေါ့ ...


TRANSLATED BY





14th August 2013

Bryam Adams - Have You Ever Really Loved A Woman





To really love a woman
To understand her - you gotta know her deep inside
Hear every thought - see every dream
N' give her wings - when she wants to fly
Then when you find yourself lyin' helpless in her arms
Ya know ya really love a woman




When you love a woman you tell her
that she's really wanted
When you love a woman you tell her that she's the one
Cuz she needs somebody to tell her
that it's gonna last forever
So tell me have you ever really
- really really ever loved a woman?




To really love a woman
Let her hold you -
til ya know how she needs to be touched
You've gotta breathe her - really taste her
Til you can feel her in your blood
N' when you can see your unborn children in her eyes
Ya know ya really love a woman




When you love a woman
you tell her that she's really wanted
When you love a woman you tell her that she's the one
Cuz she needs somebody to tell her
that you'll always be together
So tell me have you ever really -
really really ever loved a woman?




You got to give her some faith - hold her tight
A little tenderness - gotta treat her right
She will be there for you, takin' good care of you
Ya really gotta love your woman...



LinkWithin

Related Posts Plugin for WordPress, Blogger...