Tuesday, August 13, 2013

အမှာ



လိုက်ခဲ့ လိုက်တော့ …

မနေ့ကပဲ 

မြို့ကလေးကို သွားနှင့်လိုက်တယ် ။

(သြော်) အတိတ်ခန်းမှာ သော့ခတ်ပေးခဲ့ပါ ။

အလွမ်းဖန့်ဖန့်မှာ 

ငါက ကြာချင် ကြာနိုင်တယ်

လေနံ့တွေလည်း သိပ်မကောင်းလှဘူး ။   ။





17th February 2002

ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း

    
သတိရနေတယ် ... ဆိုတာ

သိရလေတိုင်း

ပို သတိရမိတော့တယ်

ပင်ပန်းဆင်းရဲရတဲ့ နေ့တွေတိုင်း

ခပ်ဝေးဝေး တစ်နေရာဆီ လည်း အကြောင်းမဲ့ ငေးငေးကြည့်ဖြစ်တယ်

ခက်တယ် …

လူဖြစ်လာခြင်း ကို က

အထားအသို မှားခဲ့သလိုပဲ

အငြင်းအခုံများ အပေါ်

အခြေအတင် မပြောလိုတော့တဲ့အခါ

နှစ်သိမ့်ဖို့ရာ သက်သက်

သက်တောင့်သက်သာ ရှိစေဖို့ သက်သက်

သူမ အနမ်း ကို မျှော်လင့်မိပါတယ် ။


29th August 2009

သေနတ်ပစ်ခန်း မပါတဲ့ ဇာတ်လမ်း


မိုးယိုနေလို့ ရေခံရတာပါ …

မိုးရွာတုန်း ရေခံတာ မဟုတ်ပါဘူး ။ 

မီးအိမ်ကလေး လင်းဖြာနေဖို့လည်း

အမှောင်ကိုပဲ ဆုတောင်းယူရမလို …

ခြေခင်းလက်ခင်း သာတဲ့ အခါ 

အခန်း (၃၂) ကို ပြန်ဖတ်ကြတာပေါ့ လေ

အိပ်မက်တွေကိုတော့ 

တစ်ဖက်လှည့် နဲ့ ထားပစ်ခဲ့ရတယ် …

ကိုယ့် အသက်ဓာတ်လေး ကိုယ် 

သယ်သွားရတာတောင် 

စိတ် ´ဟာ …

တခြမ်းစောင်းကြီး လေးလို့ …။   ။





3rd July 2006

Saturday, August 10, 2013

ပြန်ပြောပြဖို့ အခက်ဆုံး က ၀ဋ်နာကံနာပဲ



သိပ်ရချင်လွန်းတဲ့ အရာတွေ ဆို

မေ့ပစ်လိုက်ရတတ် သ တဲ့

လုပ်ယူလို့ ရတဲ့ အရာတွေ ရှိသလို

လုပ်ယူလို့ မရနိုင်တာတွေလည်း ရှိ

ကိုယ့် တယော ကိုယ် ထိုး

ကိုယ့် အမော ကိုယ် ဖြေ

သံစဉ် စ ကြားရတိုင်း ... ဒါ ကို သီချင်း လို့ မထင်သင့်ဘူး


တွေးတောတာ နဲ့ ဆင်ခြင်တာကို ပေါင်းပြီး ပြောတတ်ကြတယ်

ဒါဆို တွေးတောဆင်ခြင်တတ်တယ် ဆိုတာကမှ

ပြည့်စုံပေမပေါ့ ...

အိပ်မက်တွေ မက်နေရတာ မော လို့

မအိပ်ဘဲ နေရမယ် ဆို

ဒါက လည်း ...

လမ်းမှန်ကမ်းမှန် ဖြေရှင်းနည်း မဟုတ်နိုင်ပေဘူး


စိတ်အန်ဖတ်တွေ အန်ထုတ်လိုက်

ကဗျာတစ်ပုဒ် ရေးလို့ပဲ ဖြစ်ဖြစ်

ဂစ်တာတီးရင်း ချွေးစို့လာအောင်ပဲ ဖြစ်ဖြစ်

ရုပ်ရှင်တစ်ကားမှာ အချိန်တစ်ခုစာ ထည့်သုံးလိုက်တာပဲ ဖြစ်ဖြစ်

နောက်ဆုံး ...

ပေါ့ပါးချင်ယောင်ဆောင်ထားတဲ့ ခရီးတိုလေး တစ်ခုလောက်

ထွက်လိုက်တာပဲ ဖြစ်ဖြစ်ပေါ့


လွတ်လပ်စွာ လွမ်းဆွတ်သတိရခြင်း ဆိုတာ

အများသူငါ ကို မထိခိုက်စေဖို့ ပဲ လိုမယ်

ဝင်္ကဘာ ထဲ ရောက်နေတဲ့ သူ အဖို့

ဝင်္ကဘာတွေ အကြောင်း ဘယ်လို သင်ယူမတဲ့လဲ

လွတ်မြောက်ဖို့ တစ်ခုပဲ တွေးနေမပေါ့

ဟိုတုန်းက အကြောင်းတွေတော့

ပြန်မပြောလိုတော့ပါဘူး

မနက်ဖြန် မနက်ဖြန် နဲ့ အစာအိမ် နံရံက

မြည်နေတဲ့ အသံ နဲ့ ပဲ

အိပ်မိလေသလား မသေချာတဲ့ ည က နိုးထလာခဲ့လိုက်တယ် ။    ။






PM 11:00 9th August 2013

သိချင်တယ်



မျှော်လင့်ချက် တချို့က

လက်ကျန်ပစ္စည်းများလို ကုန်ဆုံးရက် နီးကပ်လာ .....

အတိတ်ကို မေ့ပစ်ရခြင်း ထက်

အနာဂါတ်ကို မေ့ပစ်ရခြင်း က ကြိမ်ရေ များပြားလာ .....

ကိုယ့် ဒုက္ခ ကိုယ် ပြောပြမိခြင်း က ပဲ

သွေးအားနည်းနေသလိုလို စွပ်စွဲခံရ .....

ဘဝမှာ

ဒူး လောက် တင်တိုင်းလည်း ရင် လောက် မကျခဲ့

စဉ်းစားတတ်သလောက် သိသိနေတဲ့ကြား

ကိုယ့်ကိုယ်ကို လိမ်ပေးနေရခြင်းက ခက်တော့တာပါပဲလေ

လူဦးနှောက် နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ပေါ်လာဦးမတဲ့

တကယ်ဆို

လူနှလုံးသား နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ထွင်ဖို့

ခင်ဗျားတို့ အရင် ကြိုးစားသင့်ပါတယ်

ဦးနှောက် နဲ့ အလုပ်လုပ်ကြရတာထက်

နှလုံးသား နဲ့ မစာနာနိုင်ကြတာက

ပိုများမယ် မဟုတ်လား

ငယ်သေးတဲ့ ကလေးတွေကို မေးသလို မေးကြည့်ချင်တယ်

အချိန်တွေ ကြာလာရင်

ကျွန်တော်တို့ ဘာတွေများ ဖြစ်လာမတဲ့လဲ ... ။         ။



PM 10:15 7th August 2013

ပြောစရာရှိတာ ပြောရမယ် ဆိုရင် ...



ဘ၀ ဆိုတာ

ဒုက္ခကို တစ်စက်မကျန် ညှစ်ထည့်ထားတဲ့

သံပုရာရည် တစ်ခွက်ပါပဲ

ချဉ်ဖြုံးဖြုံး ရှသက်သက် ...

အရှေ့လေ တိုက်ရင်

နဂါးလှည့် သင့်ရင်

လုပ်ဖြစ်ကောင်း လုပ်ဖြစ်နိုင်တဲ့ အိပ်မက်တချို့

လွင့်ဝဲ ...

ပြန်ပြောမဆုံး အဖြစ်ရဆုံး က

ဟိုအရင်ကလို ...

အချိန် တွေ အကြောင်းပဲ

တင်ဆက်နေကြ သတင်းများကလည်း

ထုတ်ပြန်ခွင့်ပြုထားရာ ...

သာသာယာယာရှိကြောင်း နဲ့ ထွေလီကာလီ မှုခင်းများပဲ

အပ်ကြောင်းထပ် ...

တစ်ယောက် က တစ်ယောက်ကို လိမ်တယ် ဆိုတာ

အစပိုင်းတော့ ...

ဒီလို ပျော်စရာ ကောင်းသလိုလို ရှိတာချည်းပါပဲ

အလိမ်ခံရတဲ့ ကြိမ်ရေ နဲ့ နှစ်ကာလ တွေ များလာရင် သာ ...

တခါတုန်းက

အဆိုအမိန့် တစ်ခု အကြောင်း ပြန်သတိရမိတယ်

ပြောမှ သိတာ လူ" မဟုတ်ဘူး ဆိုပဲ ... ။    ။






PM 9:25 7th August 2013

တိတ်တဆိတ်



ထပ်ပြောရရင် သတိရသမျှ ... လွမ်းဆွတ်ရသမျှ

အကြောင်းတွေချည့် ထပ်နေရော့မယ် ... ။

ဒီအတိုင်းပဲ ထားလိုက်စို့ ... ဆို

ဟိုတစ်ရက် ...

ကိုယ့် ကိုယ် ကို လေးစားဖို့ လျော့ကျခြင်း က

စ " ရလိမ့်မယ် ထင်တယ်

ရှက်တော့ ရှက်တာပေါ့ ...

သဘာဝ က သဘာဝ

ပုထုဇဉ် က ပုထုဇဉ်

ဘယ် ပုရိသ က များ

ဘယ်က္ကိတ္ထိယ အတွက်

တွေးစိတ်တွေ အကြောင်း ရိုးသားစွာ ဖွင့်ချရဲခဲ့သတဲ့လဲ ...

ကျွန်တော်လည်း ... မပြောရဲပါဘူး

ခင်ဗျားလေး အပေါ် ဘယ်လောက် တွေးနေမိမှန်း မသိလို့

ကိုယ့် ဘာသာ ကိုယ်

တိုးတိုးလေး

ထားလိုက်တော့တယ် .... ။    ။





PM 11:00 PM 5th August 2013

Thursday, August 8, 2013

သိစေချင်တယ်



တိုင်းဆလို့ မရတဲ့ ... နှိုင်းချင်လို့ မရတဲ့ ခြင်းရာတွေထဲ

အဲဒါလေးတစ်ခု အတိအကျ ပါဝင်ကြောင်း .....

ညီမလေး ကို သိစေချင်တယ် ...

တစ်ခုခု ပြောမှ တစ်ခုခု သိရမယ့် အခြေအနေလို

နာလိုခံခက် မဖြစ်စေချင်ခဲ့ရိုးလည်း ... အမှန်ပါ ...

အစပြီး အစ ၊ အစ' ကနေ ပဲ ပြန်' စ နေရတာလည်း များပြီ

တစ်ခုခု ပြီးရင် ဘာဆက်ဖြစ်နိုင်မလဲ စောင့်ကြည့်နေရတာလည်း မောပြီ

ခံစားမှု မပါဘဲ နာကျင်မှု မပါဘဲ စကားလုံးတွေ မထွက်တာလည်း ကြာပြီ

လက်လှမ်းမှီရာဆီ သွေးသားလို တပ်လှန့် နှိုးဆော်ရတာလည်း ရှိခဲ့ပြီ

ဒါဟာ .. တကယ်တော့ ...

ပြန်ပြောပြချင်ရုံသက်သက် ပါ ပဲ ကွယ် ...

ဒီလိုနဲ့ပဲ ... ငါတို့မှာ ... အသက်တွေသာ ကြီးလာခဲ့တော့တယ် ... ။     ။

 



PM 10:30 PM 5th August 2013

Friday, August 2, 2013

ရွက်ကျပင် ရဲ့ ဥတု အပြောင်းအလဲ


အစောပိုင်း နှစ်ကာလများကလို   ....

ဒီနှစ်ဆောင်းမှာလည်း ...

ငါ ဟာ

အသိုက်ပြောင်းရဦးမယ့် ငှက်တစ်ကောင်ပဲ ဖြစ်တယ် ...


မေ့မေ့မောမော

အင်ဒီဝါဟိုးလ် ရဲ့ ၁၅ မိနစ်ကလည်း စေ့ခဲ့ပြီ

စိတ် အသေ ကို ဆင် သားရေ နဲ့ ဖုံးထား

နောက်ဆုံး ည အော်ပရာ မှာ

ငါ ဟာ

အပြုံး တပ်ဆင်မှု အင်အား လျော့နည်းခဲ့ကြောင်း ၀န်ခံလိုပါတယ် ...


တွန်းတွန်းတိုက်တိုက် လျင်လျင်မြန်မြန်

နည်းပညာ လို့ အမည်ပေးထားတဲ့ စစ်ပွဲမှာ

Virtual Memory ထဲ အောင်ပွဲတွေ အကြောင်းချည်း ထည့်ရေးထားတဲ့

မည်သူမျှ စိတ်ချလက်ချ အသုံးမပြုကြသေးတဲ့

Operating System တစ်ခု ရှိမယ်

Serial Key တော့ ပျောက်နေတယ်


မိန့်မိန့်မူးမူး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ

၁၉ ရာစု က ရုပ်ရှင်ကားဟောင်းတွေ ပြန်ကြည့်ဖြစ်

၂၀ ရာစု က သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ်

ဒီနေ့ သစ်တာ ဆိုလို့ ဒုက္ခ ပဲ ရှိတယ်


လွန်လေပြီးသော အဆိုအမိန့်များအရ

မှတ်သားသင့်တာကို မှတ်သားပြီး

ပြောင်းလဲသင့်တာကို ပြောင်းလဲနိုင်ရမယ်

..... အစရှိသဖြင့် .....

ပုံတူကားတွေ ...

ပုံတူကားတွေ ...

ကိုယ့် ကိုယ် ကို ပြန်မြင်နိုင်တဲ့ မှန် နဲ့

ငါ့ အခန်းနံရံမှာတော့ ...

ငါ့ ပုံတူကား ကို တစ်ခါတစ်ခါ ကြည့်ဖြစ်ပါတယ် ။    ။


                                                                            


   7:50AM 2nd August 2013

Wednesday, July 10, 2013

စီးချင်းပွဲ


သံယောဇဉ် ဆိုတာ ...

ဘယ်သူ့ဘက်ကမှ စတင် ပစ်ဖောက်စရာ မလိုတဲ့

မောင်းတင်သံ တစ်ချက်ပဲ ...

ခြောက်' ခနဲ ...

မျှော်ရီ ရှုခင်းတွေနှယ် ...

စိမ့်ပေါက်ကျစမ်းတွေနှယ် ...

တသွေ့သွေ့ တမြေ့မြေ့ ...

အခါခါ အလီလီ ကြွေပွင့်ခဲ့ပြီးသော ပန်း' ဖြစ်တယ်

ထပ်ကာ ထပ်ကာ ထပ်မေးစရာ မလိုတဲ့ ကြေငြာချက်' ဖြစ်တယ်

ခင်ဗျား မသိရင် ခင်ဗျားက လူမိုက် ပေါ့

စစ်ပွဲကြီး ပြီးပါပြီ ဆိုမှ

ကိုယ့် ဓါး ကိုယ် ထုတ်သွေးဖော် ရတဲ့ လူမိုက် ပဲ

တရေးနိုး ချွေးစေးတွေနဲ့ နိုးလာမှ

ကိုယ့် ခြောက်ခြားရာ ကိုယ် အစအဆုံး ပြန်စဉ်းစားတဲ့ လူမိုက် ပဲ

ဘယ်စိတ်ကူးကမှ အဲ့လောက် အချိန် မဟဘူး

တွေးမိ ... သိလွင့် ... ၀ဲပျောက်

နေသာ နေခဲ့ပါတယ် လေသာ နေခဲ့ပါတယ်

ဟို ခူရားကောင်ကလေးတုန်းကလည်း

ခင်ဗျား ဆက်' လျှောက်လာခဲ့တယ်

ဟို နွံကျကလေး အချိုးအကွေ့တုန်းကလည်း

မမြင်ရတဲ့ ကောင်းကင်ပဲ ခင်ဗျား မော့ကြည့်နေခဲ့တယ်

ဟို ဆူးရိုင်းကလေး အရှ' မှာလည်း

ခင်ဗျားက စိတ် ကိုပဲ အခွင့်အရေးသမား လို့

ပြစ်တင် ရှုံချခဲ့တယ်

အရုပ်ကြိုးပျက် ဒီဘ၀ ဒီမျှ ဆိုတဲ့

သီချင်းသံ ကြားမှ

ခင်ဗျား စုတ်သပ်တော့ ...

ရယ်ချင်သလို ဖြစ်မိတဲ့ ကျုပ် တော့ ရှက်သွားတယ် ။    ။

                                                                                  


        
  PM 8:15 9th July 2013

LinkWithin

Related Posts Plugin for WordPress, Blogger...