Tuesday, August 13, 2013

ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း

    
သတိရနေတယ် ... ဆိုတာ

သိရလေတိုင်း

ပို သတိရမိတော့တယ်

ပင်ပန်းဆင်းရဲရတဲ့ နေ့တွေတိုင်း

ခပ်ဝေးဝေး တစ်နေရာဆီ လည်း အကြောင်းမဲ့ ငေးငေးကြည့်ဖြစ်တယ်

ခက်တယ် …

လူဖြစ်လာခြင်း ကို က

အထားအသို မှားခဲ့သလိုပဲ

အငြင်းအခုံများ အပေါ်

အခြေအတင် မပြောလိုတော့တဲ့အခါ

နှစ်သိမ့်ဖို့ရာ သက်သက်

သက်တောင့်သက်သာ ရှိစေဖို့ သက်သက်

သူမ အနမ်း ကို မျှော်လင့်မိပါတယ် ။


29th August 2009

သေနတ်ပစ်ခန်း မပါတဲ့ ဇာတ်လမ်း


မိုးယိုနေလို့ ရေခံရတာပါ …

မိုးရွာတုန်း ရေခံတာ မဟုတ်ပါဘူး ။ 

မီးအိမ်ကလေး လင်းဖြာနေဖို့လည်း

အမှောင်ကိုပဲ ဆုတောင်းယူရမလို …

ခြေခင်းလက်ခင်း သာတဲ့ အခါ 

အခန်း (၃၂) ကို ပြန်ဖတ်ကြတာပေါ့ လေ

အိပ်မက်တွေကိုတော့ 

တစ်ဖက်လှည့် နဲ့ ထားပစ်ခဲ့ရတယ် …

ကိုယ့် အသက်ဓာတ်လေး ကိုယ် 

သယ်သွားရတာတောင် 

စိတ် ´ဟာ …

တခြမ်းစောင်းကြီး လေးလို့ …။   ။





3rd July 2006

Saturday, August 10, 2013

ပြန်ပြောပြဖို့ အခက်ဆုံး က ၀ဋ်နာကံနာပဲ



သိပ်ရချင်လွန်းတဲ့ အရာတွေ ဆို

မေ့ပစ်လိုက်ရတတ် သ တဲ့

လုပ်ယူလို့ ရတဲ့ အရာတွေ ရှိသလို

လုပ်ယူလို့ မရနိုင်တာတွေလည်း ရှိ

ကိုယ့် တယော ကိုယ် ထိုး

ကိုယ့် အမော ကိုယ် ဖြေ

သံစဉ် စ ကြားရတိုင်း ... ဒါ ကို သီချင်း လို့ မထင်သင့်ဘူး


တွေးတောတာ နဲ့ ဆင်ခြင်တာကို ပေါင်းပြီး ပြောတတ်ကြတယ်

ဒါဆို တွေးတောဆင်ခြင်တတ်တယ် ဆိုတာကမှ

ပြည့်စုံပေမပေါ့ ...

အိပ်မက်တွေ မက်နေရတာ မော လို့

မအိပ်ဘဲ နေရမယ် ဆို

ဒါက လည်း ...

လမ်းမှန်ကမ်းမှန် ဖြေရှင်းနည်း မဟုတ်နိုင်ပေဘူး


စိတ်အန်ဖတ်တွေ အန်ထုတ်လိုက်

ကဗျာတစ်ပုဒ် ရေးလို့ပဲ ဖြစ်ဖြစ်

ဂစ်တာတီးရင်း ချွေးစို့လာအောင်ပဲ ဖြစ်ဖြစ်

ရုပ်ရှင်တစ်ကားမှာ အချိန်တစ်ခုစာ ထည့်သုံးလိုက်တာပဲ ဖြစ်ဖြစ်

နောက်ဆုံး ...

ပေါ့ပါးချင်ယောင်ဆောင်ထားတဲ့ ခရီးတိုလေး တစ်ခုလောက်

ထွက်လိုက်တာပဲ ဖြစ်ဖြစ်ပေါ့


လွတ်လပ်စွာ လွမ်းဆွတ်သတိရခြင်း ဆိုတာ

အများသူငါ ကို မထိခိုက်စေဖို့ ပဲ လိုမယ်

ဝင်္ကဘာ ထဲ ရောက်နေတဲ့ သူ အဖို့

ဝင်္ကဘာတွေ အကြောင်း ဘယ်လို သင်ယူမတဲ့လဲ

လွတ်မြောက်ဖို့ တစ်ခုပဲ တွေးနေမပေါ့

ဟိုတုန်းက အကြောင်းတွေတော့

ပြန်မပြောလိုတော့ပါဘူး

မနက်ဖြန် မနက်ဖြန် နဲ့ အစာအိမ် နံရံက

မြည်နေတဲ့ အသံ နဲ့ ပဲ

အိပ်မိလေသလား မသေချာတဲ့ ည က နိုးထလာခဲ့လိုက်တယ် ။    ။






PM 11:00 9th August 2013

သိချင်တယ်



မျှော်လင့်ချက် တချို့က

လက်ကျန်ပစ္စည်းများလို ကုန်ဆုံးရက် နီးကပ်လာ .....

အတိတ်ကို မေ့ပစ်ရခြင်း ထက်

အနာဂါတ်ကို မေ့ပစ်ရခြင်း က ကြိမ်ရေ များပြားလာ .....

ကိုယ့် ဒုက္ခ ကိုယ် ပြောပြမိခြင်း က ပဲ

သွေးအားနည်းနေသလိုလို စွပ်စွဲခံရ .....

ဘဝမှာ

ဒူး လောက် တင်တိုင်းလည်း ရင် လောက် မကျခဲ့

စဉ်းစားတတ်သလောက် သိသိနေတဲ့ကြား

ကိုယ့်ကိုယ်ကို လိမ်ပေးနေရခြင်းက ခက်တော့တာပါပဲလေ

လူဦးနှောက် နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ပေါ်လာဦးမတဲ့

တကယ်ဆို

လူနှလုံးသား နဲ့ ထိန်းချုပ်တဲ့ စက်ပစ္စည်းတွေ ထွင်ဖို့

ခင်ဗျားတို့ အရင် ကြိုးစားသင့်ပါတယ်

ဦးနှောက် နဲ့ အလုပ်လုပ်ကြရတာထက်

နှလုံးသား နဲ့ မစာနာနိုင်ကြတာက

ပိုများမယ် မဟုတ်လား

ငယ်သေးတဲ့ ကလေးတွေကို မေးသလို မေးကြည့်ချင်တယ်

အချိန်တွေ ကြာလာရင်

ကျွန်တော်တို့ ဘာတွေများ ဖြစ်လာမတဲ့လဲ ... ။         ။



PM 10:15 7th August 2013

ပြောစရာရှိတာ ပြောရမယ် ဆိုရင် ...



ဘ၀ ဆိုတာ

ဒုက္ခကို တစ်စက်မကျန် ညှစ်ထည့်ထားတဲ့

သံပုရာရည် တစ်ခွက်ပါပဲ

ချဉ်ဖြုံးဖြုံး ရှသက်သက် ...

အရှေ့လေ တိုက်ရင်

နဂါးလှည့် သင့်ရင်

လုပ်ဖြစ်ကောင်း လုပ်ဖြစ်နိုင်တဲ့ အိပ်မက်တချို့

လွင့်ဝဲ ...

ပြန်ပြောမဆုံး အဖြစ်ရဆုံး က

ဟိုအရင်ကလို ...

အချိန် တွေ အကြောင်းပဲ

တင်ဆက်နေကြ သတင်းများကလည်း

ထုတ်ပြန်ခွင့်ပြုထားရာ ...

သာသာယာယာရှိကြောင်း နဲ့ ထွေလီကာလီ မှုခင်းများပဲ

အပ်ကြောင်းထပ် ...

တစ်ယောက် က တစ်ယောက်ကို လိမ်တယ် ဆိုတာ

အစပိုင်းတော့ ...

ဒီလို ပျော်စရာ ကောင်းသလိုလို ရှိတာချည်းပါပဲ

အလိမ်ခံရတဲ့ ကြိမ်ရေ နဲ့ နှစ်ကာလ တွေ များလာရင် သာ ...

တခါတုန်းက

အဆိုအမိန့် တစ်ခု အကြောင်း ပြန်သတိရမိတယ်

ပြောမှ သိတာ လူ" မဟုတ်ဘူး ဆိုပဲ ... ။    ။






PM 9:25 7th August 2013

တိတ်တဆိတ်



ထပ်ပြောရရင် သတိရသမျှ ... လွမ်းဆွတ်ရသမျှ

အကြောင်းတွေချည့် ထပ်နေရော့မယ် ... ။

ဒီအတိုင်းပဲ ထားလိုက်စို့ ... ဆို

ဟိုတစ်ရက် ...

ကိုယ့် ကိုယ် ကို လေးစားဖို့ လျော့ကျခြင်း က

စ " ရလိမ့်မယ် ထင်တယ်

ရှက်တော့ ရှက်တာပေါ့ ...

သဘာဝ က သဘာဝ

ပုထုဇဉ် က ပုထုဇဉ်

ဘယ် ပုရိသ က များ

ဘယ်က္ကိတ္ထိယ အတွက်

တွေးစိတ်တွေ အကြောင်း ရိုးသားစွာ ဖွင့်ချရဲခဲ့သတဲ့လဲ ...

ကျွန်တော်လည်း ... မပြောရဲပါဘူး

ခင်ဗျားလေး အပေါ် ဘယ်လောက် တွေးနေမိမှန်း မသိလို့

ကိုယ့် ဘာသာ ကိုယ်

တိုးတိုးလေး

ထားလိုက်တော့တယ် .... ။    ။





PM 11:00 PM 5th August 2013

Thursday, August 8, 2013

သိစေချင်တယ်



တိုင်းဆလို့ မရတဲ့ ... နှိုင်းချင်လို့ မရတဲ့ ခြင်းရာတွေထဲ

အဲဒါလေးတစ်ခု အတိအကျ ပါဝင်ကြောင်း .....

ညီမလေး ကို သိစေချင်တယ် ...

တစ်ခုခု ပြောမှ တစ်ခုခု သိရမယ့် အခြေအနေလို

နာလိုခံခက် မဖြစ်စေချင်ခဲ့ရိုးလည်း ... အမှန်ပါ ...

အစပြီး အစ ၊ အစ' ကနေ ပဲ ပြန်' စ နေရတာလည်း များပြီ

တစ်ခုခု ပြီးရင် ဘာဆက်ဖြစ်နိုင်မလဲ စောင့်ကြည့်နေရတာလည်း မောပြီ

ခံစားမှု မပါဘဲ နာကျင်မှု မပါဘဲ စကားလုံးတွေ မထွက်တာလည်း ကြာပြီ

လက်လှမ်းမှီရာဆီ သွေးသားလို တပ်လှန့် နှိုးဆော်ရတာလည်း ရှိခဲ့ပြီ

ဒါဟာ .. တကယ်တော့ ...

ပြန်ပြောပြချင်ရုံသက်သက် ပါ ပဲ ကွယ် ...

ဒီလိုနဲ့ပဲ ... ငါတို့မှာ ... အသက်တွေသာ ကြီးလာခဲ့တော့တယ် ... ။     ။

 



PM 10:30 PM 5th August 2013

Friday, August 2, 2013

ရွက်ကျပင် ရဲ့ ဥတု အပြောင်းအလဲ


အစောပိုင်း နှစ်ကာလများကလို   ....

ဒီနှစ်ဆောင်းမှာလည်း ...

ငါ ဟာ

အသိုက်ပြောင်းရဦးမယ့် ငှက်တစ်ကောင်ပဲ ဖြစ်တယ် ...


မေ့မေ့မောမော

အင်ဒီဝါဟိုးလ် ရဲ့ ၁၅ မိနစ်ကလည်း စေ့ခဲ့ပြီ

စိတ် အသေ ကို ဆင် သားရေ နဲ့ ဖုံးထား

နောက်ဆုံး ည အော်ပရာ မှာ

ငါ ဟာ

အပြုံး တပ်ဆင်မှု အင်အား လျော့နည်းခဲ့ကြောင်း ၀န်ခံလိုပါတယ် ...


တွန်းတွန်းတိုက်တိုက် လျင်လျင်မြန်မြန်

နည်းပညာ လို့ အမည်ပေးထားတဲ့ စစ်ပွဲမှာ

Virtual Memory ထဲ အောင်ပွဲတွေ အကြောင်းချည်း ထည့်ရေးထားတဲ့

မည်သူမျှ စိတ်ချလက်ချ အသုံးမပြုကြသေးတဲ့

Operating System တစ်ခု ရှိမယ်

Serial Key တော့ ပျောက်နေတယ်


မိန့်မိန့်မူးမူး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ

၁၉ ရာစု က ရုပ်ရှင်ကားဟောင်းတွေ ပြန်ကြည့်ဖြစ်

၂၀ ရာစု က သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ်

ဒီနေ့ သစ်တာ ဆိုလို့ ဒုက္ခ ပဲ ရှိတယ်


လွန်လေပြီးသော အဆိုအမိန့်များအရ

မှတ်သားသင့်တာကို မှတ်သားပြီး

ပြောင်းလဲသင့်တာကို ပြောင်းလဲနိုင်ရမယ်

..... အစရှိသဖြင့် .....

ပုံတူကားတွေ ...

ပုံတူကားတွေ ...

ကိုယ့် ကိုယ် ကို ပြန်မြင်နိုင်တဲ့ မှန် နဲ့

ငါ့ အခန်းနံရံမှာတော့ ...

ငါ့ ပုံတူကား ကို တစ်ခါတစ်ခါ ကြည့်ဖြစ်ပါတယ် ။    ။


                                                                            


   7:50AM 2nd August 2013

Wednesday, July 10, 2013

စီးချင်းပွဲ


သံယောဇဉ် ဆိုတာ ...

ဘယ်သူ့ဘက်ကမှ စတင် ပစ်ဖောက်စရာ မလိုတဲ့

မောင်းတင်သံ တစ်ချက်ပဲ ...

ခြောက်' ခနဲ ...

မျှော်ရီ ရှုခင်းတွေနှယ် ...

စိမ့်ပေါက်ကျစမ်းတွေနှယ် ...

တသွေ့သွေ့ တမြေ့မြေ့ ...

အခါခါ အလီလီ ကြွေပွင့်ခဲ့ပြီးသော ပန်း' ဖြစ်တယ်

ထပ်ကာ ထပ်ကာ ထပ်မေးစရာ မလိုတဲ့ ကြေငြာချက်' ဖြစ်တယ်

ခင်ဗျား မသိရင် ခင်ဗျားက လူမိုက် ပေါ့

စစ်ပွဲကြီး ပြီးပါပြီ ဆိုမှ

ကိုယ့် ဓါး ကိုယ် ထုတ်သွေးဖော် ရတဲ့ လူမိုက် ပဲ

တရေးနိုး ချွေးစေးတွေနဲ့ နိုးလာမှ

ကိုယ့် ခြောက်ခြားရာ ကိုယ် အစအဆုံး ပြန်စဉ်းစားတဲ့ လူမိုက် ပဲ

ဘယ်စိတ်ကူးကမှ အဲ့လောက် အချိန် မဟဘူး

တွေးမိ ... သိလွင့် ... ၀ဲပျောက်

နေသာ နေခဲ့ပါတယ် လေသာ နေခဲ့ပါတယ်

ဟို ခူရားကောင်ကလေးတုန်းကလည်း

ခင်ဗျား ဆက်' လျှောက်လာခဲ့တယ်

ဟို နွံကျကလေး အချိုးအကွေ့တုန်းကလည်း

မမြင်ရတဲ့ ကောင်းကင်ပဲ ခင်ဗျား မော့ကြည့်နေခဲ့တယ်

ဟို ဆူးရိုင်းကလေး အရှ' မှာလည်း

ခင်ဗျားက စိတ် ကိုပဲ အခွင့်အရေးသမား လို့

ပြစ်တင် ရှုံချခဲ့တယ်

အရုပ်ကြိုးပျက် ဒီဘ၀ ဒီမျှ ဆိုတဲ့

သီချင်းသံ ကြားမှ

ခင်ဗျား စုတ်သပ်တော့ ...

ရယ်ချင်သလို ဖြစ်မိတဲ့ ကျုပ် တော့ ရှက်သွားတယ် ။    ။

                                                                                  


        
  PM 8:15 9th July 2013

Monday, May 27, 2013

လူလေးစုံတုန်း ... အပျော်သက်သက်


Blog မှာ Post မတင်ဖြစ်တာလည်း ကြာပါပြီ ... ။ စာရေးချင်စိတ်တွေ ပျောက်ဆုံးနေတာလည်း ကြာခဲ့ပြီ ... ။ တခါတလေ မျက်စိလည် လမ်းမှားပြီး အားနာပါးနာ ဖတ်ဖြစ်တဲ့ သူငယ်ချင်းများ အတွက် ... သတင်းဆိုး ပေါ့ ... ။

ဒီလိုတွေ စကားချီ နေပြီ ဆိုကတည်းက ... တစ်ခုခုကို ဘယ်သူ့မှ အားမနာဘဲ .. တောရမ်းမယ်ဖွဲ့ လက်သရမ်းတော့မယ် ဆိုတာ ... သိလောက်ကြရောပေါ့ ...




ဟိုတစ်ရက် ... မောင်စုံကြီး နဲ့ ဘီယာသောက်ရင်း ည နက် သွားတော့ ... သိတော်မူကြတဲ့အတိုင်း ... ရပ်ကျော် ရွာကျော်မှ ကြံကြီးစည်ရာချင်တဲ့ ၀သီလေးစေ့ဆော်မှု ဆန္ဒအလျောက် ... ပြင်ဦးလွင် တက်ဖို့ တိုင်ပင်မိကြပါရော ... ။

ဒင်းကလည်း ... အတော် စိတ်ဆာနေတယ် ထင်ပ ... ညကြီး မင်းကြီး တွေ ဘာတွေ နှစ်ခွန်းလောက် ... ဟန်ဆောင်ပန်ဆောင် ပြောပြီး ပြောနေ ကြာမယ် ၊ ပြောမနေ မကြာဘူး ဆိုပြီး သဘူတောလိုက်ပါလေရော ... ။



ဒီလို နဲ့ ပဲ ... မှောင်ကြီး မည်းကြီး ... တောင်ပေါ်လမ်း ခရီးမှာ " အိုးပါး ... ဂမ်းနားစတိုင် " နဲ့ ပြင်ဦးလွင် မြို့ကလေးဆီ မနက် ၃ နာရီ ခန့် မှာ ဆိုင်ကယ်လေး တက်ကလောက် တက်ကလောက် နဲ့ ရောက်ခဲ့ကြလေတယ် ပေါ့လေ ... ။




ခဏတဖြုတ် အိပ်စက်ပြီး ... အလင်းရောက်တဲ့ မနက်ခင်း ... မောင်စုံကြီး နဲ့ သမီး ယောက်ဖ တော်တဲ့ ဆရာသမား ကိုမြတ်သူ ရဲ့ " ရွှေပြည် " မှာ ရေမိုးချိုး မနက်ခင်း လေ့ကျင့်ခန်း အတွက် အားယူရင်း ဟိုဟိုဒီဒီ စကားစမြည် ပြောနေကြတာပေါ့ ...။ မောင်စုံကြီး ရဲ့ သူငယ်ချင်းများ ရောက်လာတော့ ... ရွှေပြည် လည်း လူစည်ပြီး ... ဘာရယ် မဟုတ်ဘဲ မြူးတူးနေကြရင်း ... လမ်းဆုံကို သွားမယ့် အစီအစဉ် ဖြစ်လာတော့တယ် ...။



လမ်းဆုံ ဆိုတာကတော့ ... ပြင်ဦးလွင် ကနေ ... မိုင် ( ၂၀ ) လောက် သွားရတဲ့ နေရာလေးပါ ... ။ ဘာမှတော့လည်း ထူးထူးခြားခြား မဟုတ်ဘူး ။ Morning Star ဆိုတဲ့ ဆိုင်လေး ဆီ သွားကြတာ ... ။ အဲ့မှာ ငါးခူ မျှစ်ချဉ် စားကောင်းတယ် ဆိုလို့ ...။



ခရီးက နည်းနည်း လှမ်းတာရယ် ... နေ့လည် ( ၁ ) နာရီ လောက် ရှိနေပြီ ဆိုတာရယ် နဲ့ မောင်စုံကြီး က ကျွန်တော့် အပြန်ခရီးအတွက် နဲ့ နားအေးပါးအေး နေချင်စိတ်လေး စွက်ပြီး မလိုက်တော့ဘူး ပြောပါသေးတယ် ။ ကျွန်တော်ကပဲ ... ခရီးသွား ၀ါသနာပါသူကြီး ဖြစ်လေတော့ ... သူ့ကို နားချပြီး ... တိုက်တွန်းလိုက်တော့လည်း ... စိတ်ကောင်းရှိတဲ့ သူငယ်ချင်းပီပီ ... ကျွန်တော့် အနွံအတာ ကို ၀ဋ်ရှိသရွေ့ သည်းခံတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက် တွေ နဲ့ သဘူတောရတော့တာပါပဲ ...။

ဆိုင်ရောက်တော့ ... ရှမ်းမလေးတွေ ညက်လိုက်တာဗျာ ...ဟဲ ဟဲ ... ငါးခူချောချောလေးတွေ စားသောက် ... RUM Royal Edition လေး နဲ့ ကလေးမလေးတွေ ပျူငှာဖော်ရွေမှုကြားမှာ အတော်ကို သာယာပါဘိတော့ ...။



မိုးကတော့ ... တောင်ပေါ်လည်း ဖြစ်ပြန် လပြည့်နေ့လည်း ဖြစ်ပြန် မို့ ထင်ပါရဲ့ ... ဖွဲဖွဲလေး ကျိတ်လိုက် ... စိတ်ပေါက်ရင် သည်းလာလိုက် နဲ့ ရာသီဥတုပီပီ အလိုက်တသိ ကူညီနေသေးရဲ့ ...။

မောင်စုံကြီးက သောက်ရင်းစားရင်း ... ကားပဲ မောင်းရတာ မ၀သေးလို့လား ... ရှမ်းပြည် အရိပ်အငွေ့တွေကြားမှာ ... သာယာကြည်နူးစိတ်တွေ ယိုဖိတ်လာတာလား မသိပါဘူး ... ဂုတ်ထိပ် တံတားပေါ် လမ်းလျှောက်ကြည့်ချင်သတဲ့ ... ။ သံလမ်းပေါ် လျှောက်လှမ်းဖို့ မဖြစ်နိုင်ပေမယ့် ... ဂုတ်တွင်း နဲ့ ဂုတ်ထိပ် ရှုမျှော်ခင်းတွေဆီ ဆက်လက်ခရီးဆန့်ကြဖို့ ... အားလုံးက သဘူတောကြပြန်ပါရော ...။ မောင်စုံကြီးကလည်း ... ခေါ်တော့သာ မနည်းခေါ်ရတယ် ...
စိတ်ပါပြီ ဆိုတော့လည်း ... သူ မှ သူ ပဲ ... ။



ဒီလိုနဲ့ ... ဂုတ်တွင်း အဆင်း ... ကားသမလေးတစ်ယောက် နဲ့ ကလိတိတိ ဖြစ်တာ ၊ တလမ်းလုံးလိုလို ရယ်လိုက်မောလိုက် အတောမသတ်ဖြစ်တာ ၊ သစ်တောသစ်ပင် စိမ်းစိမ်းစိုစို ရှိတာတွေ နဲ့ စိတ်တွေ ပြိုင်တူ ဆွတ်ပျံ့ရီဝေမှု မှာ စီးမျောနေခဲ့ကြတယ်။ လမ်းတွေက မိုးရေ နဲ့ စွတ်စိုနေပြီး ... ထုံးစံအတိုင်း အလူးအလွန့်တွေ နဲ့ မို့ ... ဂျစ်ကားပေါ် စကိတ်စီးကျင့်ခဲ့ကြရသလိုပါပဲ ။ မောင်စုံကြီး က လည်း .. Triple 5 ( 555 Cigarette ) Sponsored ... ငယ်က ကြည့်ဖူးတဲ့ ကားမောင်းပွဲတွေဆီ သတိရမိအောင် မောင်းပေးတာလည်း ပါတာပေါ့လေ ... ။

ဂုတ်တွင်း တံတားကို ခပ်မှိုင်းမှိုင်းပဲ လှမ်းမြင်ရပေမယ့် ... ဂုတ်တွင်း အတက်အဆင်းလမ်းတွေ နဲ့ သဘာဝ ရဲ့ ဖမ်းစားမှုတွေက အားလုံးကို စိတ်ပြေလက်ပျောက် ၇ှိစေခဲ့ပါတယ် ။ ဂုတ်တွင်း တစ်ဖက်ထိပ်မှာက ရွှေဖီမြိုင် ရှုခင်းသာ တဲ့ ... ။



တကယ့် ရှုခင်းသာပါပဲ ... ။ ဟိုးအရှေ့ဘက် တောင်တွေကြားက လမ်းအကွေ့အကောက်တွေ လည်း ပီပီပြင်ပြင် မြင်ရတယ် ။ အနောက်ဘက်ခြမ်းမှာလည်း တောင်ထိပ်တွေက တိမ်တွေ နဲ့ တောင်ခိုးတွေ ဝေပြီး .. ထိဆက်နေကြတယ် ။

ဒီနေရာက ရှုခင်းတွေကို အရသာရှိရှိ မြင်ရတော့မှပဲ တလမ်းလုံး ညောင်းညာနေခဲ့တာတွေပျောက်ပြီး အကြံရတဲ့ မောင်စုံကြီး ကို ကျေးဇူးတင်မိတော့တယ် ။



ဂျစ်ကားခမျာတော့ ... နတ်ခေါင်း (မူလီ) တွေ ပြုတ်ထွက်ကုန်တယ် ။ အပြန်လမ်းကျ မတ်တတ်ရပ် သိပ်မစီးဖြစ်ကြတော့ဘူး ။ ဂျစ်ကား အမိုးကိုင်းက အိနြေ္ဒ နည်းနည်း ပျက်နေပြီလေ ။ ပြင်ဦးလွင် ပြန်ရောက်တော့မှပဲ နတ်ခေါင်း(မူလီ)တွေ ၀ယ်ပြီး ပြန်တပ်ကြရတယ် ။ " ရွှေပြည် " ကနေပဲ လူစုခွဲခဲ့ကြတယ် ။ ကျွန်တော်လည်း ၇ နာရီ လောက် ဖြစ်သွားတော့ .. နောက်တစ်ရက် မနက်မှပဲ အစောဆုံး မန္တလေး ပြန်ဆင်းဖို့ စဉ်းစားရတော့တယ် ...။


ဒီ ပို့စ် ကို ရေးရင်း နဲ့ ရော ဒီ ခရီး ကို သွားနေခဲ့တုန်းကရော စိတ်ထဲ တွေးမိတာ တစ်ခု ရှိတယ် ။ သူငယ်ချင်းတွေ ကြားမှာ ရှိတဲ့ အရောင်တူတဲ့စိတ် ၊ ရိုးရှင်းလင်းပွင့်တဲ့ ဆက်ဆံရေး ၊ တစ်ယောက် အပေါ် တစ်ယောက် ဖေးမညှာတာစိတ်တွေ အပေါ် ပိုပြီး နှစ်သက်လာမိတယ် ။ တခါတလေ ဘ၀မှာ တစ်ခုခု ကို ရွေးချယ်ရမယ် ဆိုတဲ့ အခါတိုင်း သူငယ်ချင်းတွေ ဘက်ကိုပဲ အလေးသာပေးခဲ့ဖူးတဲ့ ကိုယ့်စိတ် ကိုယ် လည်း ... ပိုပြီး ထောက်ခံလာမိတယ် ။ နောက်ပြီး ... စီစဉ်ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေထက် အခုလို စိတ်ရူးပေါက်တယ်ပဲ ပြောပြော ... မစီစဉ်ထားဘဲ စိတ်တူကိုယ်တူ သွားဖြစ်ခဲ့ကြတာမျိုး ကို ပိုပြီး မှတ်မှတ်ရရ ဖြစ်မိတယ် ။



အဆုံးသတ်အနေနဲ့ကတော့ ... ဒီလို ခရီးမျိုး ကို သွားရတာ တကယ်ကို စိတ်လက် ပေါ့ပါးခဲ့ရကြောင်း ... အတူသွားခဲ့တဲ့ သူငယ်ချင်းများ က လည်း ကျွန်တော့် အမြင်ကို ထောက်ခံကြလိမ့်မယ် လို့ ယူဆပါကြောင်း ... ပို့စ် တစ်ခုလုံး ရဲ့ အရေးအသား ၊ အတွေးအမြင် အားလုံးက ကျွန်တော့် အနေနဲ့ စိတ်ထဲပါသလို ရေးခဲ့မိတဲ့ အတွက် ... တစ်ဦးတစ်ယောက် အပေါ် ၊ တစ်ခုခု အတွက် အနှောက်အယှက် ၊ အထိအခိုက် ဖြစ်ခဲ့မည် ဆိုရင် ခွင့်လွှတ်ကြစေချင်ပါကြောင်း ...



နောက်များ ... မဆုံတာ ကြာတဲ့ သူငယ်ချင်းများ နဲ့ လည်း စိတ်လွတ်ကိုယ်လွတ် ခရီးစဉ်များ အတွက် ဆက်သွယ်ကြပါရန် စောင့်မျှော်လက်ခံစဉ်းစားနေပြီ ဖြစ်ပါကြောင်း ... ပြောချင်ပါတယ် ခင်ဗျား ... :P ။


LinkWithin

Related Posts Plugin for WordPress, Blogger...