Thursday, May 31, 2012

လမ်းခွဲ




ငါတို့ … 

ဘယ်တော့မှ ထပ်မတွေ့ကြတော့ဘူး ရယ် … 

သစ္စာ ဆိုကြတယ် ။

ရေစက်’ ပါလို့ လွမ်းဖြစ်ခဲ့တယ်ပဲ ထားကြပါစို့ရဲ့ …

မင့် နောက်ကျောကလေး

မှုန်ဝေးသွားသည် အထိ

အစက်ကလေး တစ်စက်အဖြစ်

လွင့်ပါးသွားသည် အထိ

အဲဒီနေ့ကစလို့ …

ဝေးသွားကြတော့တယ် ။   ။



ပြီးပြီးပျောက်ပျောက်



တစ်နေ့သား …

ငါ က ငါ ပျောက်သွားလို့ …

ငါ့ကိုယ်မှာ ငါ့ကိုယ် ငါ လိုက်ရှာမိပါရဲ့ …

သိမ်မွေ့သော အပြုံးစတွေ …

လွင်လဲ့လဲ့ … ရယ်သံတွေ …

မျက်ဝန်းထောင့်မှာ ပျောက်သွားတဲ့ အကြည့်စစ်စစ်တွေ …

အဲဒီနေ့ အတွက် … ငါ့ ကိုယ် ငါ ခဏလေး ပြန်တွေ့လိုက်ရတယ် ထင်ပါရဲ့ …

ပြီးတော့ ချက်ချင်းပဲ ပြန်ပျောက်ဆုံးသွားပေါ့ …

အဲဒါ ခဏလေး မှ

တကယ့် ခဏလေးပါ …

နတ်သမီး အိပ်မက် ဆိုတာမျိုး လိုပေါ့ … ။   ။






မပြောဖြစ်တော့မယ့် စကား



အများလို ဆောင်းခိုပြီး

ရိတ်သိမ်းဖြစ်ရမယ့် ကောက်သစ်

အရုပ်ရော အသံပါ …

အပ်ကျမတ်ကျ ရှိတဲ့ ရုပ်သံအစီအစဉ်လို

တစ်ခုခု ဖြစ်လိုက်ပြီးမှ

အ … ဆုံး … သတ် … ခဲ့ … သင့် … တာ …



လမ်းအစ က

လှည့်ပြန်ခဲ့ပါတယ် ။

ကြိုသိထားပါရက် နဲ့

မရှောင်လွှဲနိုင်ခဲ့သော မိုး’ လို …

ငါ့ ကိုယ် မှာ

အလွမ်း လည်း စက်စက် စိုတော့တယ် ။   ။






PM 9:09 28th SEPTEMBER 2010

မိနစ်ကိုးဆယ် ခရာသံ



လိုအပ်တာထက် လိုပြီး မရှိခဲ့ဘူး ။

ကျရာ ဇာတ်ကြောင်းလေးတွေ ကိုယ်စီနဲ့

မီးအလင်းအမှောင်အောက်

ခန်းဆက်တေးသွား ကူးလွှဲရာတလျှောက်

ဇာတ်ပို့ ဇာတ်ရံ လေသံတွေ နဲ့

ငါ့ ကိုယ် ငါ တခြားတစ်ယောက် လို

ပုံဖော်လိုက်ရ …



ငါ့ ကိုလိုနီမှာ

မင့် အလံ ကို ထပ်စိုက်နိုင်ပါတယ် ကွယ် …

တစ်ယောက်ကို တစ်ယောက်

ပြောဖြစ်ခဲ့တဲ့ အသံတွေက အိပ်မက်’ ပဲ

အခု …

အဆုံးသတ်ပစ်ရမှာလောက် သက်သက်

အဲဒီ့ အိပ်မက် နဲ့ ငါ့ မှာ အကျွမ်းတ၀င် ။  ။





PM 9:37 28th SEP; 2010

ထူးမခြားနား အကြောင်းအရာ တစ်ခု



ခြောက် နာရီ ခွဲ ကြာ

မိုး ’ နေ့ အိပ်မက်လေး တစ်ခု

ယုတ်စွအဆုံး

အရာအားလုံးအတွက် ကျေးဇူးတင်စရာ …

ဘယ်တော့မှ တနင်္ဂနွေနေ့ အကြောင်း

ပြန် မတွေးကြကြေး …

အရယ်အပြုံးလေးတစ်စ အထိ

မှတ်မှတ်သားသား …


ငါ့ ကို ခဏ ဖြစ်ဖြစ် အချိန်ပေးပါ …

ငါ့ ကိုယ် ငါ မေ့လိုက်ဖို့

ငါ က ငါ့ စိတ် ကို သုတ်သင်ရဦးမယ် ။  ။








PM 10:00 28th SEP; 2010

ဇာတ်လမ်းသွား



မိုးတွေ ရွာနေ ...

လွမ်းမောခြင်း အထိမ်းအမှတ်နဲ့ ...

နှစ်မိနစ် ... ငြိမ်သွား ...

စိတ်က ... တအုံ့နွေးနွေး ...


လက်' ခနဲ လျှပ်ရောင်အပြက် ...

လူ' သံပါတ် နဲ့ ...

ခန္ဓာကိုယ် ဆန့်ရန့်လိုက်တယ် ၊

မတ်မတ် ရပ်ကြည့်တယ် ၊

အသက် ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်တယ် ။

ငါ ...

ပြခန်းထဲ ...

တစ်ခုခု ချိတ်ဆွဲလိုက်ဖို့

မေ့ခဲ့မိတော့မလို ...







PM 8:43 12th SEP; 2010

Wednesday, May 30, 2012

တဇွတ်ထိုး




မာဒင်္ဂ မှော်' အောင်ထားတဲ့ကောင် လို့

သမုတ်ကြတာ မှား' တယ်။

အလိုချင်ဆုံး ဖြစ်တဲ့ မေတ္တာတရား ကို

သူ့ ဆီ က တောင်းခံမရခဲ့

လက်ခုပ်တီးပေးမယ့်သူချည့် များတဲ့ ဥတုရာသီမှာ

စွန့်စားဖို့ ၀ံ့ရဲရဦးမတဲ့လား

ကမ်းလှမ်းမထားတဲ့ ခရီးပန်းတိုင် မို့

ငါကပဲ ငါ့လမ်းကို ရိုက်ချိုးဖျက်သိမ်းခဲ့ပြီ ။    ။



နှုတ်ထွက်ခွင့် စာတင်



ဒီအကြောင်းတွေ စကားစပ်မိလေတိုင်း

မင်း အနွံ့အတာပေါ် ဦးခိုက်မိပါရဲ့

သဏ္ဍာန်လုပ်ပြီး သရုပ်မပါတတ်တော့တာတော့ ခွင့်လွှတ်

ငါက ငါ့သမိုင်းထဲက

မင့် စာမျက်နှာတွေကို ဖဲ့ထုတ်နေရတယ် ။

အရှုပ်ထုပ်ကြီးလို့ ယူဆလိုက်နိုင်ပါတယ်ကွယ် ။

မင့် ဂရုဏာက ကာလာမှားပြီး

လင်းချင်းနေရင် ငါ့ အိပ်မက်တွေ မှောင်'မှောင် သွားတတ် ...

စိတ်မရှိလိုက်နဲ့ ...

ဘယ်တုန်းကမှ မင်းထင်သလို

ငါ့ကိုယ်မှာ မရိုးသားခဲ့တာ သေချာလို့

မင့် သမိုင်းထဲက

ငါ့စာမျက်နှာတို့အားလည်း ဆုတ်ဖြဲခွင့် ပေးပါ။   ။

၂၀၁၁ နောက်ဆုံးရ သတင်းစဉ်


ပြီးဆုံးခဲ့ပြီ ...

ထပ်ကာ ထပ်ကာ ငြင်းဆိုချက်များ အရ

အရှိတရား ကို လက်မခံချင်လည်း လက်ခံရ

ဖြစ်တည်မှုတရား အတွက်

စိတ်ကူးများ ၊ အိပ်မက်များ 

မျှော်ရီစောင့်မောရခြင်းများ ၊ နေသာ လေသာရင် သွားကြမယ့် ခရီးစဉ်များ

ဒုတိယကမ္ဘာစစ် အတွင်းက ဂျူး တို့ကို ဓာတ်ငွေ့ပေးသတ်ခဲ့သလို ...

Genocide သုတ်သင်ခံလိုက်ရ

၂၀၁၁ ဟာ အရင်က နှစ်များအတိုင်း

ဒီဇင်ဘာ ၃၁ ဆီ ...



အရောင်



တခါတခါ ...

အလေ့ကျ ပန်းဖူးလို့ ထင်ချင်စရာ

တခါတခါ ...

မျက်စိလည် လမ်းမှားသော အလှူခံ လို့ တွေးချင်စရာ

ငါကတော့ ...

လွန်ခဲ့သော နှစ်နှစ်ဆီက ၇၆၈၉၀ ဆီ မှတ်မိနေတဲ့အထိ မို့

ခိုင်မာ ...

အဆုံးသတ်ရလဒ်က

စတော့ ရှယ်ယာ ဈေးကွက် လို အပြောင်းအလဲ လည်း မရှိနိုင်ပါဘူးကွယ် ...

ငါ့မှာသာ

ငါ့ စိတ်ကူးတွေ နဲ့ ရီးလေးခိုလို့ ...

အကြိမ်ကြိမ် အားတက်မိ

အကြိမ်ကြိမ် ရူးသွပ်မိ

အကြိမ်ကြိမ် တွေးတောမိ

ဒီလိုနဲ့ ...

အကြိမ်ကြိမ် ပဲ ...

စိတ်ကို ခ၀ါချရပါတော့တယ် ။

သူ့အလင်းက

ကိုယ့် အခန်းထောင့်မှာ ...

မဖြာသွေးလိုတော့တဲ့ အကြောင်း ...။     ။



Divorced within Alcohol



The Alcohol …

She makes me trick upon my health as a dumb

She makes me lazy in all time as a junk

She makes me kiss too long to escape from her

She makes me crazy more than my obsession with her

So … so

I’d like to announce for this … “ Divorced within Alcohol “

I’ll never forget the years we living together like as the twin

Please don’t be asking or investigating about this anymore …

If you do that I don’t have to mention as much as I can know.



လူချင်းဆုံရင် ဒီလိုပါပဲ” လို့ ပြောပြောနေရ

 
စိတ် ” ပတ်ဝန်းကျင် ထိန်းသိမ်းဖို့

ခက်ရတဲ့ အထဲ

သဘာဝ ပတ်ဝန်းကျင်ကလည်း ယိုယွင်းလာ …

မြင့်သထက် မြင့်နေသော

ခေါင်မိုးတွေကြား …

မိုးယိုသံ ကာရံလုပ်ပြီး ပျော်နေကြရ

ကြားဖူးနားဝတွေက

အလ္လာပ သလ္လာပများ ဖြစ်လာ

နိုင်ငံတကာ ၀င်ဆန့်သော

အသေအပျောက်သတင်းများ အရ

ကျွန်တော်တို့ …

ခေတ်မီ …

ဖွံ့ဖြိုး …

တိုးတက်ခဲ့ပြီ …

တစ်ကိုင်းကြိုး ၊ Half Quarter

နေ့ခင်းကြောင်တောင်

မှောင်ရီသော စာရိတ္တများ

အောက်ပိုင်းပျက်လုံးများတဲ့ ရုပ်ရှင်

တောဖြစ်သွားတဲ့ တက္ကသိုလ်များ နဲ့

တက္ကသိုလ် ဖြစ်လာတဲ့ တောများ

တစ်နှစ်ထက် တစ်နှစ်

မရိုးရအောင် ဖြစ် … ပျက်

အိပ်မက်ဆိုရင်လည်း

နိုး” လိုက်ချင်ပါပြီ …

နောဧ” သင်္ဘော မှီလိုက်ချင်တာမျိုး ထက်

မနက်ဖြန် အကြောင်း

တွေးဖြစ်ရင်သာ …

သံသရာ” မှာ အားပါဖို့ … ။   ။





PM 8:25 23rd MAY 2010

ဧည့်ကောင်းဆောင်ကောင်းများနဲ့ နေ့

စိတ်တံခါးကို ဂျက်ချပြီး

လူမှုရေး ပီသတဲ့ အပြုံးတွေ လိုက်ချိတ်ဆွဲ

ဆယ်စုနှစ်တစ်ခု ဆိုတာ …

မိုးဦးလေဦး နဲ့ အတူ

ကျဆင်းသွားလေသော အပူချိန် စင်တီဂရိတ်

ဖွယ်ဖွယ်ရာရာ ချိန်ခါများမှာ

မဖွယ်မရာ မလုပ်မိဖို့ … ။


စိတ်ဖိစီးမှု တို့ … ၊ ဒဏ်ရာ အနာတရ တို့ …

နောက်ထဲ အခန်းတစ်ခုမှာ သွားပစ်ထည့်ထားလိုက် …

ထဲထဲဝင်ဝင် ၊ စာစာနာနာ ၊ ဖေးဖေးမမ

ဖြည်းဖြည်းမှ ပြောကြတာပေါ့ဗျာ …

အခု လက်ဆွဲနှုတ်ဆက်မိချိန်လေးမတော့ …

လောက၀တ်ပျူငှာ

“တွေ့ရတာ ၀မ်းသာပါတယ် …”

“နေကောင်းထိုင်သာ ရှိပါရဲ့လား …”

“အားလုံး အဆင်ပြေပါတယ်နော် …”

ရေလဲစကား တစ်ခွန်းခွန်း နဲ့

စတင်မိတ်ဆက်ခန်း ကို

ကျွန်ုပ်တို့ … အထမြောက်စေစို့ရဲ့ … မိတ်ဆွေ …။    ။





PM 5:45 30th MAY 2010

Tuesday, May 29, 2012

ငိုင်နေတယ်




ငိုင်နေတယ် …

ထုံးစံအတိုင်း မနက်စာ

ထုံးစံအတိုင်း လမ်း အကြပ်အတည်း

ထုံးစံအတိုင်း နေ့တစ်ဓူဝ

ထုံးစံအတိုင်း ဆူညံမှုထဲ

ငိုင်နေခဲ့တယ် …


နှာသီးထိပ်မှာ ဖြစ်လေသော လောဘ

အာသီးထိပ်မှာ ဖြစ်လေသော ဒေါသ

အာရုံသိမှာ ငြိတွယ်သော မောဟ နဲ့

ငိုင်နေခဲ့တယ် …


မိရိုးဖလာ ဆိုတာ

အသက်ဓာတ် နဲ့ ကြေးထပ်ရတဲ့ လောင်းကစားပွဲ

ထုံးတမ်းစဉ်လာ အရ

ကံမကောင်း ရင် ပဲ

အနက်ရောင် ၀တ်မိခြင်း ကြောင့် လိုလို

ဖြေသိမ့်ပစ်လိုက်ရတဲ့ နေ့ ...


ယဉ်ကျေးမှု သမိုင်းတလျှောက်

ဘီကီနီ ကို

ကိုယ်ဝန် ဖျက်ချခြင်း ထက်

လူမြင်သူမြင် အိနြေ္ဒသိက္ခာ လို့

နားလည်ထားပြီးနောက် …


ငိုင်နေတယ် …

မူးယစ်ဆေးဝါးပဲ ဖြစ်ဖြစ်

လောင်းကစားပဲ ဖြစ်ဖြစ်

အရက်ပဲ ဖြစ်ဖြစ်

မိန်းမပဲ ဖြစ်ဖြစ်

လူသားချင်း မစာနာတဲ့

ကိုယ်ချင်းစာတရား ဆိုတဲ့ စကားလုံးမျိုးပဲ ဖြစ်ဖြစ်

နဲ့ ...

ငိုင်နေခဲ့တယ် …


ပျိုးကြဲထားရင် ရိတ်သိမ်းစရာ ရှိရမယ် တဲ့ …

မြီရှင် ဖြစ်ရင် မြီစားဖို့လောက်ပဲ သိစိတ် နဲ့

နိုင်ငံကြီးသား ဆန် ချင် တဲ့

ထိုနေ့တွေမှာ …

ထုံးစံအတိုင်း …

ငိုင်နေတယ် …။   ။




PM 9:11 24th APRIL 2010

နှစ်ကူး



နှစ်ဟောင်းက အညစ်အကြေး အတွက် လိုလို

ဝါဆိုဝါခေါင်လည်း ဖူးရီတတ်သော ပိတောက်တို့ အတွက် လိုလို

တဖန် နိုးထလိုခြင်း တစ်ခုနှယ်

ထင်း ” လို

မှန်ကင်း ” လို

သုံးဆယ့် နှစ် ကောဌသ အစုံ အား

“သင်္ကြန်” ဟု ကြေငြာ ခဲ့ပြီ ။   ။





 22nd APRIL 2010

ပြဌာန်းထားပြီး ဆယ်စုနှစ်များမှာ …



ဘယ် တံခါးရွက် အသံ နဲ့ မှ

ငါ့ အိပ်စက်မောခြင်း ဆီ မနှောင့်ယှက်လိုက် နဲ့

ငါ့ မှောင်ရီ နဲ့ ငါ

အလင်းပျပျ ကို မလိုအပ်တာလည်း ကြာခဲ့ပြီ …

စိတ် အရ ကိုယ် မဟုတ်ပါဘဲ

ကြုံဆုံမြဲ အပြန်အလှန် အပြုံးလဲ့လဲ့တွေမှာ …

ဝတ္တရား ဆိုသော ဓါး အတိုင်း

လူ ကောင် ဆန်ဆန်

အင်း' … လိုက်ခဲ့ပါရဲ့ …။

မ' သမုတ် ကြစမ်းနဲ့ကွယ် …

နည်းနည်းပဲ မှား

နည်းနည်းပဲ မှန်

နည်းနည်းပဲ ကောင်း

နည်းနည်းပဲ ဆိုး

လူပီသ ဖို့ အတွက်

အနာအဆာ တချို့ ရှိမှ ဖြစ်မယ် ။   ။




PM 11:00 3rd MAY 2010

ပစ်မှတ်


သက်တန့်ရောင် သွေးရနံ့ အတွက်

တောပစ်ထွက်ဖြစ်တဲ့ ရာသီ …

သားကောင် လား ၊ မုဆိုး လား …

လေညာ က နေရာယူပါ

သဘာဝ နဲ့ အသားတကျ ထားပါ

လောကဓာတ် သဘောမှာ

ကိုယ့် ၀ပ်ကျင်း ကိုယ်

စောင့်ရှောက်ရခြင်း က

တော မမှောက်ဖို့ ၊ တော မခြောက်စေဖို့

မကျေနပ်ရင် ခြေရာတွေ စ' တွေ့ခဲ့တဲ့နေရာ ဆီ ပြန်လျှောက်

မိုးလေ ကင်းစင်တဲ့ ဥတု မှာသာ

လင့်' ထိုးပြီး ချောင်းမြောင်းခွင့် ရတတ်

ဘယ်သူမဆို စိတ်ကူးက စ' ခဲ့ကြတာမို့ …

စိတ်ကူးတစ်ခုတော့ ယဉ်လို့ ရ

အရုဏ်တက်ချိန် အမှီ

အခု တည်ထားတဲ့ ပစ်ကွင်းမှာ

အမြင်ရှင်းဖို့ပဲ လိုလိမ့်မယ် …။    ။


14th September 2011

ထောင့်ချိုးကို ကွေ့လိုက်မှ ရောက်မယ့် လမ်း



နှုတ်ခမ်းပွင့်ဖတ်လေးတွေ အထိ …

ဆံချည်ဖျော့နွဲ့လေးများဆီ အထိ …

အဲဒီတုန်းက

စကားလုံး တစ်လုံးချင်းဆီ အထိ …

မင်း နှလုံးခုန်သံကို

အခုထိ

လတ်လတ်ဆတ်ဆတ် သတိရနေမိသေးတဲ့ အထိ …

မိုးစက်ကလေးတွေ

ကိုယ့် ပုခုံးကို လာထိတော့

မနေ့တနေ့ကပဲ ဖြစ်ပျက်ခဲ့ ရသလိုလို …

စိတ်တွေ …

စိတ်တွေ …

အတောမသတ်နိုင်အောင် လွမ်းကြရှာပေါ့ …


ချစ်သူရယ် …

တခါတလေများ

ခြေညောင်းလက်ဆန့်

ဟောဒီ လမ်းကလေးဆီ

လျှောက်ကြည့်လှည့်ပါဦးကွယ် …

အခု ဆို

မင်း ဖ၀ါး နုနုတွေ မပွန်းရှရအောင်

လမ်းကလေး က

မင်းထင်ထားဖူးသလို ပြန့်ပြန့်ပြူးပြူးပေါ့ …

အခု ဆို

မင်း အသက်ရှူခြင်း ကို နွေးနွေးထွေးထွေး ရှိဖို့ကို

လမ်းကလေး က

မင်း တွေးထားခဲ့သလို မွှေးမွှေးမြမြ ပေါ့ …

အခု ဆို

မင်း ရယ်သံစွက် အပြုံးတွေ အမြဲ ရှင်သန်ရအောင်

လမ်းကလေး က

မင်း စိတ်ကူးနေသလို စိမ်းစိမ်းလန်းလန်း ပေါ့ …

အဲဒီလို အဲဒီ့လို အဲဒီလို နဲ့ …

လမ်းကလေး က ဖြစ်တည်နေပါတယ် ။

အာရုဏ်ရောင် နီသမ်းပါပြီ ဆိုတာကနေ

ညနေဆီ အလင်း ကို ခေါက်သိမ်းသွားပြီ ဆိုတာအထိပေါ့ …

ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီလား ။

ပြောပါ

အဝေးဆုံးနေ့အထိ စောင့်နေမိသူကို

အခြားသောသူများနဲ့ လောကမှာ

ဘာကြောင့် ထားရစ်ခဲ့သလဲ ကွယ်…

ရက်သတ္တပတ် အနည်းငယ် ကြာတဲ့ အခါ

လမ်းကလေး မှာ

မြက်ရိုင်းတို့ နဲ့ လွှမ်းလို့

ဆူးခြုံတို့ နဲ့ ပုံလို့

လမ်းဆီ ရောက်မယ့် လမ်းကို

လမ်းပျောက်ခဲ့ပေါ့ ။   ။




4th June 2009

တစ်ခရီးတည်းသွား



အချစ်ရေ …

သူမတူအောင် ပျော်တဲ့ အပျော်မျိုး နဲ့

မင်း မောင်းနှင်တဲ့ မြင်းရထားပေါ်မှာ

ငါ့ နှလုံးသားဟာ ကခုန်မြူးထူးနေလေရဲ့ …

မိုးစက်ရေပေါက်တွေကြား

လေပြေ စီးဆင်းရာတလျှောက်

မြေသင်းနံ့တွေ နောက်က

ထက်ချပ်မကွာ …

အဲဒီ့ကောင်

တကယ်ပဲ ခုန်ပေါက်ရွှင်ပြနေပေါ့ …

ရင်တခွင်လုံး အနှံ့

ကြည်နူးခြင်း ရနံ့တွေကလည်း

ဖြိုးဖျဖျ လှိုင်လို့ …


အချစ်ရယ် …

မင်းကမ်းလင့်တဲ့

နောက်ထပ် အသက်ဓာတ်နဲ့

ငါ့ ၀ိဥာဉ် ဟာ

အလန်းသစ်ဆုံး နိုးထခဲ့

မင့် ရင်ခုန်ခြင်း ကို အထမြောက်စေဖို့

ငါ့ ဦးနှောက် ရဲ့ သွေးကြောတို့လည်း

အေးခဲမှုဆီက လွန်မြောက်လွန့်လူးကြ

မင့်ဖို့ သက်သက်ချည်းမှ

မက်ထားခဲ့ရတဲ့ အိပ်မက်တွေကို

အခုဆို လူလားမြောက်စေလိုပြီပေါ့ …


အနွေးဓာတ်ကို

စိတ်အမှတ် နဲ့ ပေးခဲ့သူရေ …

ငါ့ ရင်ဦးခန်းမှာ အုပ်စိုးပါ ။

ငါ့ ထွက်သက် တစ်ရှိုက် အထိ

ပြုဖွယ်ဆောင်တာ တို့ အပေါ် လွှမ်းမိုးပါ ။

ဒီကောင့် ရင်ဘတ်က

ခတ်တဲ့ သံစဉ်တိုင်းမှာ

မင်း တေးသံတို့ကို ဖြည့်စွက်ပါ ။

နှစ်ကာလတွေရဲ့

နေ့လမ်း ၊ ညလမ်းမှာ

မင့် မျက်ဝန်း အစုံ ဆီက

ဖိတ်ဖိတ်တောက်မယ့် အလင်းငွေ့နဲ့ ပဲ

ငါ ဟာ

တစ်ခရီးလုံးကို မြင်တွေ့လို။   ။





PM 9:30 SATURDAY 5th May 2007

ရာဟုစီးခံထားရတဲ့ မြောက်ပြန်လေ



ချစ်လှစွာသော ကျက်သရေ’ သညာလေးရေ…

ကနုတ်ကွန့်မြူးထားတဲ့ ပန်းပုကလေးတွေပ…

အစကတော့ မြေလွတ်မြေရိုင်းတွေချည်း…

ဘာ ပျိုးချချ ဖူးသစ်ချင်လိုက်ကြ…

အတောင်စိုက်ခံရတဲ့ မြင်း’ လို

ခြေထောက်တပ်ခံရတဲ့ မြွေလို

ကြသိုင်းဝါးအဆင် မလွှင့်လွှားတတ်

ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်

လေ၀င်လေထွက်ရမှာပဲ ခက်သလို…

သူက မနက်လို့ ခရီးဦးကြိုတာ

ကိုယ့်ကျ “ကျေးဇူးပဲ” နှစ်လုံး သုံးလုံး ကို

ပြန်မပြောတတ်သလို အ’ နေမိ…

ဘယ်တော့မှ ၀င့်ဦး ကြွားဦးမယ်…!

   

ရွာရန် ရာနှုန်းကတော့ အပြည့်’ ချည်းပဲ…

သမုဒ္ဒရာက ငွေ့ရည်ဖွဲ့လာကြတာချင်းတူဦး…

အနောက်တောင်မုတ်သုံပဲ

မိုးပါတဲ့လေ’ လို့ သူသူငါငါ တွေးကြမှာပေါ့

ဘယ်နှနှစ်နေမှ တစ်ခေါက်လောက်ဖြစ်လေ့ရှိတာတွေတော့ ထားလိုက်…

တစ်မျိုးကြီးပဲ ဖြစ်ဖြစ်နေသတဲ့လား…

စိတ်ရှိစရာပေါ့…

လမ်းလို့ ပြောတာ အားလုံးကို

မင်းမှ မလျှောက်လှမ်းချင်ဘဲ….. ။    ။




 21st August 2009

ဆိုင်ကယ်


စူပါကပ် ဆိုတာလေးတွေ စီးကြတယ် ။

လူတကာကို နှပ်ချင်တဲ့ အတွေးတွေ ပါမပါတော့ …

ပြောမတတ်ဘူး ။

မျိုးကောင်းရိုးကောင်း မိကောင်းဖခင် သားသမီး လုပ်ချင်ကြတယ် ။

စာနာစိတ် မဲ့လို့ သေသွားခဲ့တဲ့ ဘ၀တွေ အကြောင်းတော့ မပါကြေး ...


လမ်းဘေးက ကပ်စီးမယ် ။

မီးနီရောက်ရင် ရပ်မယ် ။

အကွေ့ရောက်ရင် ဟွန်းတီးမယ် ။

စည်းကမ်းလိုက်နာပြလိုက်ရင်ပဲ လူ' ပီသပြီ မဟုတ်လား ။

ခေတ်ပေါ်စည်းကမ်း အတိုင်း နေမယ် ။

ခေတ်ပေါ်ဓလေ့ထုံးတမ်း အတိုင်း ...

ခေတ်ပေါ်ဝတ်စားဆင်ယင်မှုအတိုင်း …

ခေတ်ပေါ်လူကြိုက်များမှု အရ …

တချို့သော အရာတွေက နောင်ခါလာ နောင်ခါဈေးပေါ့ …


ဦးထုပ်ဆောင်းလိုက်ရင်

နောက်ကြည့်မှန် တပ်လိုက်ရင်

သူလိုငါလို ဖြစ်သွားရောပေါ့ …

လမ်းမပေါ် တက်လာခဲ့တာတော့ ဟုတ်တယ် ။

မတော်တဆမှု တစ်ခု ဖြစ်တော့မယ် ဆိုရင်တော့ …

ငါလည်းပဲ

မင်းလို ကြောက်မိတယ် ။    ။



ငါ့ အကြောင်း နဲ့ ငါ



ရောက်တတ်ရာရာ တွေးလုံး မဟုတ်ဘူး ။

မုန်တိုင်း ဖြစ်မလာတတ်တဲ့ လေဖိအားနည်းရပ်ဝန်း မဟုတ်ဘူး။

ဆင်' လျှောက်ရာ ဖြစ်တည်သော လမ်းတစ်လမ်း မဟုတ်ဘူး။

သစ်မရခင် စပ်ကြားမို့ ကွပ်လိုက်ရတဲ့ ၀ါး'တစ်ချောင်း မဟုတ်ဘူး။

စံချိန်တင် မိုးရေချိန် လက်မလည်း မဟုတ်ဘူး။

အံ့ချီးဖွယ်ရာ အကောင်းဆုံး လေတိုက်နှုန်းလည်း မဟုတ်ဘူး။

နိုဗယ်ဆုရှင် မဟုတ်ဘူး။

ဂရင်းနစ်မှတ်တမ်းဝင် မဟုတ်ဘူး။

အတိုက်အခံ အုပ်စု ခေါင်းဆောင် မဟုတ်ဘူး။

အသပြာသက်သက် တွေးဖြစ်တတ်တဲ့ ပြည့်တန်ဆာမ ရဲ့ ဦးခေါင်း မဟုတ်ဘူး။

စည်းကမ်းအကြောင်း တွန်ရတဲ့ ဥပဒေ သမား မဟုတ်ဘူး။

ရာသီဥတု အကြောင်း ပြောကြရင် ဆွံ့အ'

လမ်းထဲက လူတွေ အကြောင်း ပြောဖြစ်ရင် နှုတ်ဆိတ်'

ထ ထ ပိတ်ဖြစ်တဲ့ တံခါးကြားက

လေတိုးသံတွေ ...

ငါ ကြားအောင် လာ လာ တိုက်တာ

နည်းနည်းတော့ အနှောက်အယှက် ဖြစ်မိတယ်။   ။


လေချွန်သံ အလိုက် နဲ့ တေးချင်း တစ်ပုဒ်



မနက်ဖြန် နံနက် အရုဏ်တက် မှာ

သင် ပန်ဆင်ရန်

ပန်းတစ်ကုံး သီကုံးဖို့ ရာ

မုန်တိုင်း ရဲ့ ကာရန် တွင်

မိုးနည်း ရေစဲ ဆုတောင်းတို့ နဲ့ အတူ

ယနေ့ည သန်းခေါင်ယံ တိုင်

ကျွန်ုပ် ရှင်သန်လျက် ရှိ၏ ။


သန်ဘက်ခါ ည စက်ရာ မှာ

သင့်အား

မွေ့သွေ့စွာ နားစက်နိုင်စေဖို့ ရာ

ကြယ် နက္ခတ် တို့ နဲ့ အတူ

ကောင်းကင်ကကြိုးကို

ကျွန်ုပ် ဆင်ယင်လျက် ရှိ၏ ။



အသီးသီးသော အိပ်မက်များနှင့်

အထည်ဝါဆုံး စိတ်ကူးတို့အား

ဖြစ်တည်ခွင့် အတွက်

သင့်ထံ ကူးသော

ချောက်တံတား ကို

ကူးဖြတ်ခွင့် တော့ …

သင့်လက်တွင်းမှာသာ ။    ။





 PM 4:00 MAY 2008

ပြီးတော့လည်း ပြီးသွားတာပါပဲ ...



ဆေးစိမ်ထားရင် ညှို့သွေးလာမယ့်

အဖူးအသစ်လို့ ထင်ကောင်းလည်း ထင်နိုင်ပါတယ်

ဖျော့လျော့ပြီး ကုန်လွန်သွားသော မိနစ်တွေမှာတော့…

သူတကာ ပြုံးနိုင်၊ ရယ်နိုင်စေဖို့ပဲ

စဉ်းစားခဲ့…


ကိုယ် ချပြလိုက်တဲ့ နောက်ခံကားအရ

နှစ်ပါးသွားတွေ ပဲ က' စေချင်ခဲ့မိတာကိုး …

ဒီဘက်ကိုလည်း လှည့်ကြည့်မနေကြစမ်းနဲ့ကွာ …

Everything is OK ! လို့ပဲ ငါ က ပြောမှာ …


ဒီလောက် အကွေးအဆန့်တွေကြားမှာ

ဘာမဟုတ်တာလေး ဆိုတာမျိုး

ကိုယ့် အကြောင်း ကိုယ်

ပြန်ပြောပြ … မနေချင်တော့ ။

မိုးလွန်မှ ထွန်ချ ...


ပန်း…ပဲ

ရေလောင်းရင် ပွင့်လာမယ် တဲ့လား…

လွယ်လိုက်တာ … ။

တဖြစ်တနှစ် တရှည်တာလုံး

မြေဆီသြဇာ ချိုတဲ့ပြီးသား ဆိုတာတောင်

နေရောင်၊ လေအကျ၊ ရေအဆင်းအဖျ

တသတ်မတ်တည်း တွေးလိုက်သေးသတဲ့လား … ။


အကူးအလှည့်တွေ

အပြောင်းအခတ်တွေလည်း

များမြောင်နေသလို …

ဖြေတွေးစရာတွေ သိပ်ပြောနေရလောက်အောင်

ကိုယ့်ကြမ္မာ ကိုယ်ငင်နေတဲ့ အခိုက်အတန့် လို့လည်း

ထင်ကြတယ် ပေါ့…


နီးနီးစပ်စပ် တွေးတတ်ရမှာက

သူ့မနက်ဖြန်ထက်

ကိုယ့် မနက်ဖြန် နဲ့ ကိုယ် ဆိုတာမှာ

တစ်ခါတစ်ခါ

အလျဉ်မပြတ်အောင်

ကိုယ့်အတ္တကိုယ် ပဲ ချစ်လိုက်ရတော့တာ … ။   ။



20th October 2009

စိတ်မပါ လက်မပါ




ဖြတ်ပြီး ခတ်ညှင်းသွားသော လေ’ အသွဲ့မှာ…

သွင်လဲ့ စီးလွင့်သွားသော စမ်း’ အကျမှာ…

ငြိမ်းအေးသော အလျဉ်လေးဟာ

လွင့်ပါသွားတတ်မြဲ…။


အပြိုးအပြက်

အငဲ့အလှည့်တွေ

များမြောင်လှချည့်

မနက်ဖြန် အလျင်မှီဖို့ထက်

ဒီနေ့ အတွက်တောင်

လက်စ' မသတ်လိုက်နိုင်တာတွေ ရှိလာ…။


ဒီဘက်ခေတ် လူ့ဘောင်မှာ

ကျွန်တော်တို့…

ရိုးသားစွာ…

အကြင်နာတရား ပြတ်လပ်သွားတဲ့ အခါတွေ

ရှိခဲ့ပါရဲ့


ကျားကုတ်ကျားခဲ…

ကိုယ့် ထမင်းအိုးလေး ကိုယ်တည်ရင်း

မိုးစုန်းစုန်း ချုပ်သွားတဲ့ နေ့တွေ

ရှိခဲ့ပါရဲ့


ရာသီဥတု ဒဏ်ကို ခံနိုင်ဖို့

ကိုယ့် ကိုယ်ကြပ်အင်္ကျီလေး ကိုယ်

တန်ဆာဆင်ရင်း

သူတကာ ဓါးလှံလေးမြှားတို့အတွက်ပဲ

ရင်သပ်ရှုမောပေးလိုက်ရတဲ့ နေ့တွေ

ရှိခဲ့ပါရဲ့


အမှန်တကယ်

သင်က ဘာကို လိုအပ်ပါသတဲ့ လဲ

မိတ်ဆွေ…

သေချာတာကတော့…

လုပ်သင့်တာလေးတွေ လိုက်လုပ်နေတုန်း

အမြန်ဆုံး နှုန်း နဲ့ ကုန်သွားတတ်တဲ့ အချိန်တွေထဲ

ဆန္ဒ ဒါမှမဟုတ် အိပ်မက် ဆိုတာတွေ ဟာ

မသိလိုက် မသိဘာသာ

လုပ်ခွင့်မရလိုက်တော့မှာမျိုး…။




15th October 2009

LinkWithin

Related Posts Plugin for WordPress, Blogger...