အချစ်ရေ …
သူမတူအောင် ပျော်တဲ့ အပျော်မျိုး နဲ့
မင်း မောင်းနှင်တဲ့ မြင်းရထားပေါ်မှာ
ငါ့ နှလုံးသားဟာ ကခုန်မြူးထူးနေလေရဲ့ …
မိုးစက်ရေပေါက်တွေကြား
လေပြေ စီးဆင်းရာတလျှောက်
မြေသင်းနံ့တွေ နောက်က
ထက်ချပ်မကွာ …
အဲဒီ့ကောင်
တကယ်ပဲ ခုန်ပေါက်ရွှင်ပြနေပေါ့ …
ရင်တခွင်လုံး အနှံ့
ကြည်နူးခြင်း ရနံ့တွေကလည်း
ဖြိုးဖျဖျ လှိုင်လို့ …
အချစ်ရယ် …
မင်းကမ်းလင့်တဲ့
နောက်ထပ် အသက်ဓာတ်နဲ့
ငါ့ ၀ိဥာဉ် ဟာ
အလန်းသစ်ဆုံး နိုးထခဲ့
မင့် ရင်ခုန်ခြင်း ကို အထမြောက်စေဖို့
ငါ့ ဦးနှောက် ရဲ့ သွေးကြောတို့လည်း
အေးခဲမှုဆီက လွန်မြောက်လွန့်လူးကြ
မင့်ဖို့ သက်သက်ချည်းမှ
မက်ထားခဲ့ရတဲ့ အိပ်မက်တွေကို
အခုဆို လူလားမြောက်စေလိုပြီပေါ့ …
အနွေးဓာတ်ကို
စိတ်အမှတ် နဲ့ ပေးခဲ့သူရေ …
ငါ့ ရင်ဦးခန်းမှာ အုပ်စိုးပါ ။
ငါ့ ထွက်သက် တစ်ရှိုက် အထိ
ပြုဖွယ်ဆောင်တာ တို့ အပေါ် လွှမ်းမိုးပါ ။
ဒီကောင့် ရင်ဘတ်က
ခတ်တဲ့ သံစဉ်တိုင်းမှာ
မင်း တေးသံတို့ကို ဖြည့်စွက်ပါ ။
နှစ်ကာလတွေရဲ့
နေ့လမ်း ၊ ညလမ်းမှာ
မင့် မျက်ဝန်း အစုံ ဆီက
ဖိတ်ဖိတ်တောက်မယ့် အလင်းငွေ့နဲ့ ပဲ
ငါ ဟာ
တစ်ခရီးလုံးကို မြင်တွေ့လို။ ။
PM 9:30 SATURDAY 5th May 2007
No comments:
Post a Comment