နှုတ်ခမ်းပွင့်ဖတ်လေးတွေ အထိ …
ဆံချည်ဖျော့နွဲ့လေးများဆီ အထိ …
အဲဒီတုန်းက
စကားလုံး တစ်လုံးချင်းဆီ အထိ …
မင်း နှလုံးခုန်သံကို
အခုထိ
လတ်လတ်ဆတ်ဆတ် သတိရနေမိသေးတဲ့ အထိ …
မိုးစက်ကလေးတွေ
ကိုယ့် ပုခုံးကို လာထိတော့
မနေ့တနေ့ကပဲ ဖြစ်ပျက်ခဲ့ ရသလိုလို …
စိတ်တွေ …
စိတ်တွေ …
အတောမသတ်နိုင်အောင် လွမ်းကြရှာပေါ့ …
ချစ်သူရယ် …
တခါတလေများ
ခြေညောင်းလက်ဆန့်
ဟောဒီ လမ်းကလေးဆီ
လျှောက်ကြည့်လှည့်ပါဦးကွယ် …
အခု ဆို
မင်း ဖ၀ါး နုနုတွေ မပွန်းရှရအောင်
လမ်းကလေး က
မင်းထင်ထားဖူးသလို ပြန့်ပြန့်ပြူးပြူးပေါ့ …
အခု ဆို
မင်း အသက်ရှူခြင်း ကို နွေးနွေးထွေးထွေး ရှိဖို့ကို
လမ်းကလေး က
မင်း တွေးထားခဲ့သလို မွှေးမွှေးမြမြ ပေါ့ …
အခု ဆို
မင်း ရယ်သံစွက် အပြုံးတွေ အမြဲ ရှင်သန်ရအောင်
လမ်းကလေး က
မင်း စိတ်ကူးနေသလို စိမ်းစိမ်းလန်းလန်း ပေါ့ …
အဲဒီလို အဲဒီ့လို အဲဒီလို နဲ့ …
လမ်းကလေး က ဖြစ်တည်နေပါတယ် ။
အာရုဏ်ရောင် နီသမ်းပါပြီ ဆိုတာကနေ
ညနေဆီ အလင်း ကို ခေါက်သိမ်းသွားပြီ ဆိုတာအထိပေါ့ …
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီလား ။
ပြောပါ
အဝေးဆုံးနေ့အထိ စောင့်နေမိသူကို
အခြားသောသူများနဲ့ လောကမှာ
ဘာကြောင့် ထားရစ်ခဲ့သလဲ ကွယ်…
ရက်သတ္တပတ် အနည်းငယ် ကြာတဲ့ အခါ
လမ်းကလေး မှာ
မြက်ရိုင်းတို့ နဲ့ လွှမ်းလို့
ဆူးခြုံတို့ နဲ့ ပုံလို့
လမ်းဆီ ရောက်မယ့် လမ်းကို
လမ်းပျောက်ခဲ့ပေါ့ ။ ။
4th June 2009
No comments:
Post a Comment