Saturday, June 16, 2012

စစ်ပွဲ



လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက်

ခေါင်းတစ်လုံး နဲ့ ပဲ

စစ်ထွက်ခဲ့ရတယ် ။

မင်း အာဟာရ က

သူ့ အာဟာရ လောက်တော့

ဗီတာမင် ပြည့်ဝချင်မှ ပြည့်ဝမယ် ။

မင်း သေနင်္ဂ က

သူ့ သေနင်္ဂ လောက်

မှော်” မအောင်တာမျိုး ဖြစ်ချင်လည်း ဖြစ်မယ် ။

သူ့ ဓါးလှံလေးမြှား က

မင့် ဓါးလှံလေးမြှား ထက်

ပစ်မှတ်ကို ချဉ်းကပ်တဲ့ နေရာမှာ

ပို တိကျချင် ကျလိမ့်မယ် ။



စစ်ဆင်ဦးတာ ရှိမယ် ။

နယ်ပယ် အနေအထား အသာစီးရတာ ရှိမယ် ။

အလုံးစုံ ကြောက်ဒူးတုန်ခဲ့သော

သေနာပတိ ဖြစ်ပစေ ...

နေအကွယ် ခေါင်းဖြတ် မသုတ်သင်ဘူး ... ရယ်

ဝန်ခံထားမယ့် ပဒေသရာဇ်မင်း ကတိမျိုး ပါချင်လည်း ပါမယ် ။

ရာဇသံတွေ ၊ အာဃာတတွေ မရှိလည်း

တိုက်ပွဲ ဆိုတာ က ဖြစ်မြဲအတိုင်း ရှိတတ်တာ ခက်တယ် ။



နောင်လာနောင်သားတွေ အကြောင်း

ထားပါဦးလေ ...။

လက်နှစ်ဖက် ခြေထောက်နှစ်ဖက်

 ခေါင်းတစ်လုံး နဲ့ ချည်း စစ်ထွက်ခဲ့ရတယ် ။

ကျူးကျော်သူ ကို တော်လှန်ရတာ ...

အဲဒီ့ ပြည်နယ်က မင့် ရပိုင်ခွင့် မို့

တက်သိမ်းရတာ ...

နည်းနည်းပါးပါး မှားတာလည်း ရှိမယ် ။

နည်းနည်းပါးပါး ပဲ မှန်တာလည်း ရှိမယ် ။

ငြိမ်းချမ်းရေး ကို လိုချင်လို့ တိုက်ကြခိုက်ကြရတာပါ တဲ့ ...။

ငြိမ်းချမ်းတဲ့ အချိန်လေးတွေ နဲ့

နေချင်တဲ့ကောင် ဆိုတော့ ... လည်း

လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက်

ခေါင်းတစ်လုံး နဲ့ ပဲ

သူလိုငါလို စစ်ထွက်ဦးပေါ့ ...။   ။






PM 9:30 8th MAR 2010

1 comment:

San San Htun said...

သူလိုငါလို စစ်ထွက်တဲ့အကြောင်း လာဖတ်တယ်ဗျို့ 

LinkWithin

Related Posts Plugin for WordPress, Blogger...