Tuesday, July 10, 2012

လူမှုဆက်ဆံရေး ကွန်ယက်


Mouse ခလုတ် ကို တစ်ချက် ကလစ်လိုက်တယ် ...

ဒီစာမျက်နှာပဲ ပြန်ပြန်ပေါ်လာနေတယ် ။

Mouse ခလုတ် ကို နှစ်ချက် ဆက်တိုက် ကလစ်လိုက်တယ် ...

ပေါ်နေသမျှ အကုန် ပျောက်သွားတော့တယ် ။

ဖြစ် ပျက် ဖြစ် ပျက်

ဟိုးအဝေးက သူတွေ နဲ့ လည်း တွေ့နိုင်ပါရဲ့ ...

ဟိုးအဝေးက အဖြစ်အပျက်တွေ ဆီ လည်း ရင်သပ်ရှုမောနိုင်ပါရဲ့ ...

ဒါကပဲ အိမ်မှာ ကျန်ခဲ့တဲ့ မီးခိုးတွေ နဲ့ ဝေးရာ ...

ဖြစ် ပျက် ဖြစ် ပျက်

သူတို့ ပျော်သလို ခင်ဗျားလည်း လိုက်ပျော်ပေါ့ ...

သူတို့ ပျင်းရင် ခင်ဗျားလည်း နည်းနည်းတော့ ပျင်းပေးလိုက် ...

ဒါကပဲ လူမှုရေးမှာ အောင်မြင်သူ လိုလို ...

ဖြစ် ပျက် ဖြစ် ပျက်

လက်တကမ်း ကနေ ကြယ်လမ်းတွေ သီလို သီ

ခြေတလှမ်း ကနေ မီးခိုးမဆုံး မိုးမဆုံး ကမ်းခြေ ဆီ

အရာရာ ဖြစ်နိုင် အရာရာ ကလည်း မဖြစ်နိုင်

ဖြစ် ပျက် ဖြစ် ပျက်

အချိန်ဟာ အရေးကြီးကြောင်း အချိန်ဖြုန်းရင်း ရေးမိ

ဘယ်လောက်မှန်ကြောင်း ဘယ်လောက် မှားမှားယွင်းယွင်း ပြောဖြစ်သွားမိပါလိမ့်

မတော်တဆ ယောင်ဆောင်ထားတဲ့ ရည်ရည်ရွယ်ရွယ်တွေ ...

ရိုးသားဖို့ပဲ လိုပါသတဲ့ ...

ဖြစ် ပျက် ဖြစ် ပျက်

အငြင်းအခုံတွေ လာပြီ ...

နှစ်သက်ကြောင်း ပြောကြ ၊ ကန့်ကွက်ကြောင်း ဆဲရေးကြ

သတင်းအသစ်တွေ လာပြီ ...

ကိုယ် မြင်တဲ့ ရှုထောင့် က နေ ကိုယ့် ကိုယ် သူများတွေ ပြန်မမြင်နိုင်အောင် ပြောကြ

လောက က လူ” အဖြစ် တချို့ ကို ကျိန်စာ တိုက်လွှတ်လိုက်ပါတယ် ။

ဖြစ် ပျက် ဖြစ် ပျက်

လွတ်လပ်စွာ မယုံကြည်ခွင့် ရှိသလို ၊ လွတ်လပ်စွာ မပါဝင်ခွင့်လည်း ရှိပါသတဲ့

အစက အဲလိုပြောတာ မဟုတ်ဘူး

ဖြစ် ပျက် ဖြစ် ပျက်

တစ်ယောက်တည်း တွေးတဲ့ အတွေးတွေကပဲ မှားသလိုလို

ဧကစာ အကျင့်ကပဲ မြင့်မြတ်တဲ့ သဘော ဆောင်သလိုလို

အသင်းအဖွဲ့ စိတ် ကပဲ ပရဟိတ ဆန်သလိုလို

အုပ်စုဖွဲ့ပြီး နေတာကိုက တစ်ခု မဟုတ် တစ်ခု ကို ကြောက်ရမလိုလို

အခု ဆို ...

ခင်ဗျားတို့ နဲ့ လူ” လုပ် တမ်း ကစားရတာ တော်တော်တော့ ပျင်းဖို့ ကောင်းလာပေါ့ ...





PM 10:34 9th JULY 2012

4 comments:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးက တစ်မျိုးလေး.....

ဟုတ်တယ်


လက်တကမ်း ကနေ ကြယ်လမ်းတွေ သီလို သီ

ခြေတလှမ်း ကနေ မီးခိုးမဆုံး မိုးမဆုံး ကမ်းခြေ ဆီ

အရာရာ ဖြစ်နိုင် အရာရာ ကလည်း မဖြစ်နိုင်....

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အချိန်ဟာ အရေးကြီးကြောင်း အချိန်ဖြုန်းရင်း ရေးမိ။

ဘယ်လောက်မှန်ကြောင်း ဘယ်လောက် မှားမှားယွင်းယွင်း ပြောဖြစ်သွားမိပါလိမ့်။

မတော်တဆ ယောင်ဆောင်ထားတဲ့ ရည်ရည်ရွယ်ရွယ်တွေ ...။

အဲဒီသုံးကြောင်းကို အထူးနှစ်သက်မိတယ်။

ကြယ်ပြာ said...

စာကြောင်းတိုင်း စာကြောင်းတိုင်း
ဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း
ဖြစ်ပြီး ပျက်သွားကြတယ်။
နောက်ဆုံးစာကြောင်းလဲ ဖတ်အပြီး
ခေါင်းထဲမှာလဲ ဘာမှမရှိ
လူဖြစ်ရကျိုး နပ် မနပ်လဲ မသိတော့ပါဘူးကွယ်။

mstint said...

ခရီးသွားနေလို့ အခုမှရောက်တယ် သိင်္ဂါရရေ။
ဖြစ်ပျက်ကိုအချိန်ရတိုင်း ရှုမှတ်နိုင်အောင်ကြိုးစားနေတယ်။
တကယ်တော့အရာရာဟာ ဖြစ်ပျက်ဆိုတာသိနေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
(စကားမစပ် တီတင့်ဘလော့ဂ်မှာ ကွန်မန့်ရေးချင်ရင် ပို့စ်အောက်ဆုံးက စာအုပ်လေးကို ကလစ်လိုက်နော်း)

LinkWithin

Related Posts Plugin for WordPress, Blogger...