၁၂ ထက် မပိုတဲ့ ရက်လတွေ
အချိန် ပုံသေနည်း အတိုင်း
၁၂ ထက် မပိုတဲ့ နာရီတွေ
ရာသီတွေ ၊ ပွဲတော်တွေ ၊ အခမ်းအနားတွေ
သေဆုံးသူ စာရင်းတွေ ၊ ပျက်စီးမှု ပမာဏတွေ ၊ ငြိမ်းချမ်းရေး စကားတွေ
ဝင်သက်ကို မနေ့က ဆန်ဆန် ရှူသွင်းခဲ့ရပြီး
ထွက်သက်မှာ မနက်ဖြန်လို စိတ်ကူးလိုက်ကြရတဲ့
တတိယလှိုင်း ၊ ၂၁ ရာစု ရဲ့
ပွင့်လင်းမြင်သာသော အပြောင်းအလဲ
ပြက္ခဒိန် အသစ် တစ်ခု ဆီ ... ဒီနေ့ ရောက်ခဲ့ပြန်ပြီ ။
လောဘ အကြီးကြီးတွေ ရဲ့
နောက်ထပ် တိုက်ခန်းတစ်ခု
နောက်ထပ် နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်း တစ်ခုခု
နောက်ထပ် နိုင်ငံလုံးဆိုင်ရာ အသိအမှတ်ပြု ပါဠိဘွဲ့တံဆိပ် တစ်ခုခု
နောက်ထပ် ဂေါဏေန ဂေါဏော ဖောင်ဒေးရှင်း တစ်ခုခု
နောက်ထပ် နောက်ထပ် ...
လက်ခုပ်သံများ ၊ မီးရှူးမီးပန်းများ ၊ စာမျက်နှာပြည့် ကြော်ငြာများ
အလုအယက် ၊ ပြိုးပြိုးပြက်ပြက်
ပိုးစိုးပက်စက် ၊ အညွန့်တလူလူ
မဏ္ဍပ်တိုင်တက်ကြ ...
ပုံစံခွက် ဆိုတာ မရှိတော့ပါဘူး လို့ ...
ပုံစံခွက်ကို ကိုင်ပြီး အော်ဟစ်ကြ ...
တစ်ခါတစ်ခါတော့
စိတ် ကို သက်တောင့်သက်သာ ရှိချင်မိသား ...
တဝမ်းတခါးစာလေး ၊ ကျောတပြင်စာလေး
လူဖြစ်ကြောင်း ထောက်ခံစာ အတွက်
ဝါ ၊ နီ ၊ စိမ်း မှတ်တိုင်ကလေး အနီး
စနစ်တကျ သဏ္ဍာန်လုပ်ထားသော တူညီဝတ်စုံများ ...
နိုင်ငံတကာ ဝင်ဆန့်သော ဆင်းရဲမွဲတေမှုများ ...
ကျွန်ုပ်တို့ ... ဂြိုလ်ပြာ အကြောင်း ဆွေးနွေးကြမလား
ကြယ် ၁၄ လုံး ဖျင်ထည်စအောက်
ဒေသန္တာရ ဖက်ရှင်ရှိုး အစီအစဉ် ပြီးသွားတဲ့ အခါ ...
ဒီဇင်ဘာ ၃၁
၁၀ ၊ ၉ ၊ ၈ ၊ ၇ ၊ ၆ ၊ ၅ ၊ ၄ ၊ ၃ ၊ ၂ ၊ ၁
ပျော်ရွှင်သော နှစ်သစ်မင်္ဂလာပါ ။ ။
PM 5:00 27th DECEMBER 2009
No comments:
Post a Comment