အို … ချစ်သူ
ငါ ၏ နှုတ်မှ …
မှန်သောစကားတို့ကို ဆိုခွင့်ပြုလော့ …
ဤစကား တို့ကို
သင် …
ကြားနိုင်ပါက ကြားစေသောဝ် ။
ငါသည်
မျှော်လင့်ဆဲ စိတ်ကူးများ
သိန်းသန်းကုဋေ ချီ၍
ခရီးကြမ်းကို ဗီဇနာ ခြေလှမ်းများနှင့်
ဖြတ်သန်းကျော်လွန်ခဲ့သူ …
ထို့နောက်
သင့်အား
ရူးသွပ်စွာ ကိုးကွယ်ခဲ့သူ …
သို့သော် …
ငါ ၏ စရိုက်တို့
ပျောက်ရှခဲ့ရ
ငါ ၏ သွေးသားတို့
ဆူဆူဝေေ၀ ဖြစ်ခဲ့ရ
ငါ ၏ စိတ်ဓာတ် တို့
မိုးခေါင်၍ တိမ်ကောခဲ့ရ
ယခုမူ
ငါသည်
ငါးကြီး အန်ဖတ်ကဲ့သို့ …
နေရောင်အကျ တိမ်တောက်ထားသော ညနေကဲ့သို့ …
တစ်ပစ္စင်လုံး မီးမြိုက်ခံလိုက်ရသော မြို့ရိုးကဲ့သို့ …
ငါ့ ထံပါး မှ
ဖဲခွာရှောင်ကြဉ်ကြရာတွင်
မနက်ဖြန် အကြောင်း သက်သက် သိသော
ဝင်လေထွက်လေ တို့ အပါအ၀င်
လူဖြစ်ရခြင်း အပေါ် နှစ်လိုမှု အလုံးစုံ
ငါ နှင့် ငါ သည်
အဆက်အစပ် မဲ့စွာ … ။
အို … လောကသားတို့
ငါ့အား အခွင့်လွှတ်လော့ …
ငါကား
မှန်တစ်ချပ်နှယ်
ကျင့်သုံးခဲ့မိဘိ … ။
ငါ့အား
ဆွေးမြေ့ပုပ်သိုးခွင့်ပြု၍
သင်တို့၏ အနာဂါတ် သစ်ပင်၌
မြေဆီသြဇာ ဖြစ်ခွင့်ပြုလော့ …
ငါ့အား
ခေါစာအဖြစ် အသုံးဖြစ်ခွင့်ပေး၍
သင်တို့၏ ရေသောက်မြစ်များ
အစာရေစာ နှယ် … မှီထောက်ခွင့် ပြုလော့ …
ဤနည်းဖြင့်ပင်
လက်လှမ်းမှီရာ
ငါ၏ လူ' ပီသလိုခြင်း တို့ အပေါ်
စင်ကြယ်ခွင့် ပြုပါလေ … ။ ။
12th OCTOBER 2000
No comments:
Post a Comment