ဧဒင် ဒဏ္ဍာရီ ထဲက
အာဒမ် ရဲ့ နံရိုး ဟာ ဧ၀ ဖြစ်ခဲ့ သလို
ငါ့ အသွေးအသား နဲ့ ခန္ဓာမှာ
မင်းလည်း ပါမယ်လို့
ငါက ယုံမှတ်ထားခဲ့ပါတယ် ။
ကောင်မလေး ရယ် …
လက်သည်းဆိတ်တော့ လက်ထိပ်နာသတဲ့ …
အိမ်ရှေ့ပူတော့ အိမ်နောက် မချမ်းသာဘူး တဲ့ …
အရင်းလဲရင် အဖျား ထင်းဖြစ်တယ် တဲ့ …
တခါတခါ မှာ
ငါ လုပ်လိုက်မိတာတွေက
မင်း စိတ်ကူး စိတ်သန်း နဲ့ ထပ်တူ
မင်း ဖြစ်စေချင်တာတွေ ကလည်း
ငါ လွတ်လွတ်လပ်လပ် ပဲ ဆုံးဖြတ်ခဲ့သလို
နောက်ဆုံး …
မင်း အတွေးအခေါ် နဲ့ ငါ့ ခံယူချက် တို့ဟာ
တသတ်တမှတ်တည်း ဖြစ်ခဲ့ပြီး
မင့် အပေါ် ငါ့ ယုံကြည်ချက်ကလည်း
လေကို ရှူရှိုက်မိတိုင်း
ငါ့ ကိုယ်မှာ
အသက်ဓာတ် ရှိနေသေးတာလို သေချာခဲ့
ဒီလို နဲ့
ငါဟာ မင်းပဲ ဖြစ်နေပြီး
မင်း ဟာလည်း ငါပဲ ဖြစ်နေတတ်တယ် ဆိုတာ
ငါတို့မှာ ပိုခိုင်မာခဲ့ပေါ့ …
ကောင်မလေးရေ …
မင်းဟာ မင်း´အဖြစ် နဲ့ နေထိုင်တဲ့ အခါ
မင်းဟာ မင်း´အဖြစ် နဲ့ တွေးတောတဲ့ အခါ
မင်းဟာ မင်း´အဖြစ် နဲ့
ငါ့ ဘက်ကို လှည့်ကြည့်တဲ့ အခါ
မင်းဟာ မင်း´အဖြစ် နဲ့
ငါ့ကို လွမ်းဆွတ်မိတဲ့ အခါ
အဲဒီ အခြေအနေကို ပြန်သတိရ
ဘယ်နေရာ
ဘယ်အနေအထား
ဘယ်သူတွေ ကြားမှာပဲ ဖြစ်ဖြစ်
ငါ့ရင်မှာလည်း
မင်း စိတ်အတိုင်းပဲ
တည်ရှိနေတော့မှာ …။ ။
9th MAY 2007
1 comment:
ကဗျာလေးတွေ အားပေးသွားပါတယ်ဗျာ... ပထမဆုံး အလည်ရောက်လာရင်း လင့်ပါ တခါတည်း ယူသွားပါတယ်...
Post a Comment