Saturday, August 31, 2013

ရိုးရိုးလေးပဲ ပြောချင်တယ်


မိုးလင်း က မိုးချုပ် ...
ဝင်လေ ထွက်လေ လို ...
သတိရစိတ် နဲ့ ...
ချစ်ခြင်း ဟာ ...
တစ်ရက် ထက် တစ်ရက် တိုး
သေချာလာခဲ့ ...

ဂရုတစိုက် ... အနားယူပါ ...
အနားမှာ ... ရှိမနေနိုင်သေးလို့ ...
ဂရုစိုက်ဖို့ ...
ပျက်ကွက်နေရတဲ့ ... ၀န်တာတို့ အပေါ် ...
နားလည်ပေးပါ ...

ကျန်းမာရေး နဲ့ အညီ စားသောက်ပါ ...
ကြိုတင် ကာကွယ်ခြင်း က
ကုသခြင်း ထက် ပိုကောင်းတယ် ဆိုတာ
မမေ့လိုက်ပါနဲ့ ...

အလွမ်း နဲ့ တကွ ... စိတ်အာရုံ ထက်ဝက်လောက် ကို
ပို့ထားပါတယ် ...
အဲဒီ စိတ်တွေ အတွက် ...
လောက နဲ့
အဆင်ပြေအောင် ၊ ပျော်ရွှင်အောင် ... နေပေးပါ ...
ဒါမှ သူတို့တွေလည်း ပျော်ကြရှာလိမ့်မယ် ...

တစ်နေ့နေ့ ဟာ ...
သေချာနေတဲ့ ချစ်ခြင်းတရား တွေ အတွက် တော့ ...
မကြာမီ " လို့ အဓိပ္ပာယ် ရကြောင်း ...
ယုံကြည်ထားပြီး ...
တစ်ယောက် က တစ်ယောက် ဆီ
တိုးဝင်ဖို့ ...
တစ်လှမ်းချင်း လှမ်းနေရ ...
တစ်နေ့ချင်း ဖြတ်သန်းနေရတာက ...
ငါတို့ မေတ္တာတရား ကို
နေ လို ကမ္ဘာ လို ...
ထုထည်ခိုင်မာစေဖို့ ... ထုဆစ်ရခြင်း ပေါ့ ...။    ။

 

AM 9:23 31st August 2013

Wednesday, August 28, 2013

အဲဒီ့ အခိုက်အတန့်


တစ်ခါ တစ်ခါ 

ငါတို့ ဟိုးအဝေးကြီးတွေဆီ တွေးဖြစ်တဲ့အခါ ....

အိမ်မက်တွေ ကျွန်းမျောတွေ ...

ရာသီစာ ပေါက်ရောက်မှုတွေ ...

ထပ်ဖန်တလဲလဲ စိတ်ကူးတွေ ... 

ခါတော်မှီ ဒဟတ်ပန်းလို အတွေးတွေ ...

တချို့မှာ ကျဆုံးသွားကြပါစို့ရဲ့ ...


သူတို့တွေ သင်းပျံ့သလို ငါတို့ မွှေးကြိုင်ကြပါစို့ရဲ့ ...

သူတို့တွေ သင့်ရာသလို ငါတို့ ကြိုင်သင်းကြပါစို့ရဲ့ ...

သူတို့တွေ ငေးမောသလို ငါတို့ ငိုက်တွဲကြပါစို့ရဲ့ ...

အခါခါ အလီလီ ထပ်ချည်းတလဲလဲ စိတ်ကူး ...........

ဘယ်တရံရောဆီကမှ မဖြစ်တည်နိုင်လေတဲ့ အိပ်မက်တွေ နဲ့ ...

ကိုယ့် မနက်ဖြန် ကိုယ် ထုဆစ် 

ဘယ်လို ရုပ်ဒြပ်မှ မဖြစ်တည်နိုင်လေမှန်းလည်း

သိခဲ့

မထူးခြားနားလေတဲ့ လေသံနဲ့

ဒီဘက်က အသံကို စတင် တီးမှုတ်ခဲ့

ဒါကပဲ အသီးသီး စတင်ရာ

နီယွန်တွေ မမှိုင်တဲ့ မြို့အကြောင်း ပြောကြစို့


ဘာတစ်ခုမှ ပြန်လည်ချယ်သီစရာ မလိုအပ်

ဘာတစ်ခုမှ ပြန်တည်ကျော့သွေးစရာ မလိုအပ်

ဘာတစ်ခုမှ ပြန်လည်ခိုသွေးစရာ မလိုအပ်

ကိုယ့် ဒြပ်ထည် နဲ့ ကိုယ်

ကျူးရင့် ...


သူမ နှုတ်ဆက်ကြောင်း ပြောကြား 

ဂွပ် ´ ခနဲ ဖုန်းချသံ ...

နောက်ဆုံး သာစေမာစေ ဆုတောင်းစကားနဲ့ ဘာနဲ့

အခုထက်ထိ ငေးမော

မဖြစ်တည်နိုင်တော့လေတဲ့

တွေးအလျဉ်များနဲ့ ဖင့်နွဲ

၁၉၉၉ ကတည်းက 

ကျွန်တော်ဟာ သေဆုံးခဲ့ပြီးသား ဖြစ်တယ် ။     ။




17th November 2012

ကိုယ်စောင့်နတ် နှင့် ရန်စကား ပြောပြီးနောက်...


ဇာတ်ဆန်းတွေ ချည်းပဲ

က' ချင် လှတဲ့ လူငယ်

ခေတ်စနစ် နဲ့တော့ ကာရံပဲ...

လွန်ခဲ့တဲ့ မိနစ် အထိ

တစ်ချိန်က မင့် ပြဌာန်းပုံ အတိုင်း ဖြစ်ခဲ့ပြီးသား

တကယ် ဘုရင်ကြီး ဖြစ်ပြီ ဆိုတော့လည်း

ပင်လယ်ဘေး ငါးမျှားနေခဲ့ရတဲ့ အချိန်တွေဆီ

လွမ်းမောမိ...

လွတ်လွတ်လပ်လပ် ရှိခြင်း အပေါ်...

ခုပြော

ဘာကို မင်း အမှန်တကယ် လိုအပ်တယ် ဆိုတာ...

မိုးရွာတော့လည်း မဟုတ်

နေခြည် ဖြာတော့လည်း မဟုတ်

နှင်းဖျ ပြန်လည်း မဟုတ် နဲ့

မင်းကို အလုပ်' မဟုတ်ပါဘူး...။

သူတကာ အားနာခြင်းတွေ ဆီပဲ လှည့်ဖြား

အခွင့်ကောင်း ဆိုတာ ရအောင်ယူရမယ် ခံယူထားပြီး

အတ္တကို ပိုးမွေးသလို မွေး'ပစ်

အဖော်အပေါင်း နဲ့ လာလေ့ ရှိသော ဟိုကောင့်ကို

မင်းတွေ့မှ...

ရင်စီးလို့ ဖြစ်ဖြစ် လည်စင်းလို့ ဖြစ်ဖြစ်

ဖြေရှင်း ကြည့်ပေါ့...

ကိုယ့် စိတ် နဲ့ ကိုယ့် ကိုယ်

အတိုင်းအတူ မဖြစ်တတ်တာကိုက

အကျင့်...

သူတကာ လက်မလျှော့ချင်သေးရင်လည်း နေ

မင်းစိတ်တစ်ခု ဖြစ်တဲ့ ငါကတော့

သီလ" လို့ အမည်တပ်ပြီး

မင့် ကောင်းမြတ်ခြင်း အခန်းကျဉ်းထဲက

ခုပဲ ထွက်ခွာသွားလိုက်ပြီ...။    ။




28th September 2009

ကိုယ့် အင်္ကျီ ကိုယ် မတော်သလို ဖြစ်တယ်... တဲ့


အထွေထွေ အပြားပြား ရောင်စုံလည်း ပြေးယှက်ထားဖူးပြီ

နောက်ဆုံးပေါ် အင်္ကျီ နဲ့ မှ

အသားမကျရင်တော့

သူတို့ လွဲတာ မဖြစ်နိုင်တော့...


လိုက်ဖက်အောင် ၀တ်တယ်လို့ မပြောစမ်းပါနဲ့လေ

မင့် အသားအရောင် နဲ့

မင့် မျက်နှာကျ အရ

ဒီ အဆင်ကပဲ ဖက်ရှင် အကျဆုံး...


ဟိုဒီ ငေးမောကြည့်ရင် အထာကို မိလို့...

ဘယ်လို ပြင်ပြင်

အရောင် မထွက်တဲ့ ရုပ်ခံ လို့ ပြောချင်သေး...


တကယ့် တကယ်

ကော်လံဖားဖား မဖွချင်ရင်

လက်ခေါက်ထူထူ မထပ်ချင်ရင်

ကြယ်သီး တစ်လုံး မ' ဟ ထားချင်ရင်

ကိုယ် ခန္ဒာ တည့်တည့်မတ်

ကွက်ကြည့် ကွက်ကြည့် မရှိဘူးလို့ တွေး

အရိုးရှင်းဆုံး ဆင်ယင်မှု အတိုင်း

မင်းလည်း

သူလို ငါလို သပ်ရပ်လို့ ရပါလိမ့်မယ်။    ။




27th September 2009

ည' ဖြစ်ကြောင်း ပြောသွားတဲ့ တနင်္ဂနွေ


ဘယ်သူ စိုက်ပျိုးတဲ့ တောအုပ်လဲ…
နေပြောက် ထိုးလောက်စရာ မရှိအောင်ဘဲ
ပိန်းပိတ်လှချည့်…

ပန်းတိုင်း ပွင့်ဖူးခွင့် ရှိသော နွေဦးမှာတောင်
ကိုယ့်အမှောင် နဲ့ ကိုယ် လုံလောက်နေခဲ့
ဒီ ခင်တန်း ဒီ ချိုင့်ဝှမ်း
ဒီ ဆူးရိုင်း ချုံခက်တွေ ဖြန့်ကျက်လို့
နက်သထက် နက်ကြောင်း
တော´ က တော´ ပီသထားရဲ့
လေမိုး ပြက်ထရာ…
မြောက်လေ သုန်နွဲ့ရာ…
သစ်ကြီး ၀ါးကြီး ကျွမ်းမြိုက်ရာ…
ချောင်းရိုးတလျှောက်လို တသွင်သွင်ပေါ့…

ညှင်းသွဲ့ လင်းလဲ့သော အခါ မရှိ၊
စိုးစီ ရစ်သီသော အခါ မရှိ၊
နှစ်စဉ် နှစ်စဉ်
 အုံ့ဆိုင်းလာသော အမှိုင်းအမွှားများပဲ…..
နေ့စဉ် နေ့စဉ်
သိုင်းရီလာသော အနွယ်အခက်များပဲ…..
အရိုင်းဆန်ထားပြီး…
စမ်းကလေး တစ်ပေါက်မှ မစီးလွင့်
ဆားကလေး တစ်ကျင်းမှ မကြဲချင့်ဘဲ
ကြမ်းထ သွေ့နွမ်းမှုသက်သက်သာ
အထပ်ထပ် တော်လည်းပဲ့တင်ထားတော့…..တယ်။    ။




3rd August 2009

ချစ်တင်းစကား



ချစ်လှစွာသော ကျက်သရေ´သညာလေးရေ...
မြူသီနေသော စုံနံ့သာမြိုင်မှာ
ယုန်ထောင်ရင်း ကြောင်မိနေတတ်တာမျိုး
ကိုယ့်မာယာ နဲ့ ကိုယ် ကျဆုံးနေပြီး
ချိုင့်ဝှမ်း တချို့အကြောင်း...
လွှင့်လွှားနေသော တိမ်ခိုးတွေမှာ
ဇရာ ထောက်မလာခင်
ရောင်ပြေးလေးတွေ လွန့်လူးတတ်ပုံက
လင်းတစ်ခါ မှိတ်တစ်လှည့် ဆိုတဲ့ အကြောင်း...
ရေကန်တိုင်း ကြာပွင့်ဖို့ ထက်
ကြာပွင့်လေသော ရေကန်တိုင်း ရှင်းသန့်ဖို့များ
ဆယ်စုနှစ် တစ်ခုစာ မ´က
နောက်ကျထားပြီး ဖြစ်ကြောင်း...
အဆုံးစွန်.....
ဒီနေ့ သာသော နေ´ ဆိုတာ
အလင်းနှစ်တွေ နောက်မှ
ရောက်လာသော အရင်က အရောင် ဖြစ်ကြောင်း...
မင်းကို ´ ပြောပြချင်ပါသေးတယ်။





24th July 2009

တခြမ်းသေ

 
လူစင်စစ်ဖြစ်ရက်နဲ့ ချစ်ခွင့်မရှိခဲ့

ပြီးခဲ့တာတွေ ပြီးစေသား...

ညများနဲ့ နေ့များမှာ



ငါ က .....

အူလှိုက်သည်းလှိုက်ငိုချင်းတွေ

အတွင်းသိအစင်းသိ    အိပ်မက်တွေနဲ့

တစ်နယ်တစ်ကျေးက လွမ်းလိုတယ်။





21st August 2009

ဘယ်ဘက်လက်မှာ ဓါးတစ်ချောင်းတော့ ပါစမြဲ



မျက်လုံး နှစ်လုံးကို ခြင်ထောင်အမိုးမှာ ချိတ်ထား

သိလိုက်သမျှ သတိ နဲ့ ...

နဖူး က စ ... ခြေမ အထိ ... ကြည့်

ဂရုဏာတရား ရဲ့ အသံများကို နားစွင့်ပြီး

အမှန်တွေ များအောင် လုပ်နေပါတယ်လို့

ကိုယ့် ၀ိဥာဉ် ကိုယ် လိမ်ညာခဲ့

မျက်နှာဖုံးလေး တပ်လိုက်ရုံ နဲ့

တဘ၀လုံး လုံသွားပြီ ... တွေး

သူများတကာ အော်ပရာမှာ ဇာတ်ပို့ဇာတ်ရံ ဖြစ်နေရတာကိုပဲ

တရွာလုံး လှည့်ပတ်ကြွား

နောက်ဆုံးပေါ် အိပ်မက်များ နဲ့

ရိုးသားမှု အပေါ် အဆိပ်ခပ်ခံခဲ့ရပါတယ်ချည်း ငြင်းပစ်

တစ်ရွာလုံး နဲ့ တစ်ယောက် ၊ တစ်ကမ္ဘာလုံး နဲ့ တစ်မြို့

ပြောတော့ မင့်ကိုယ်မင်း ကောင်းမြတ်ချင်တယ်ဆို

ဘယ်သူမှ ၀င်မလာရဲတော့ပါဘူးလေ...

အခန်းလေး အမှောင်ချ

ကိုယ့် အတ္တ နဲ့ ကိုယ်သာ

ကိုယ့် သွေးရင်းသားရင်းတွေ ငတ်သေမှာထက်

ကိုယ့် ည တွေ ကိုယ် စိတ်ချလက်ချ ရှိဖို့ က

ပို အရေးပါ ... ။    ။





3rd September 2009

Tuesday, August 27, 2013

မကွယ်မ၀ှက်


စိတ်ထဲ တွေးလိုက်တာ နဲ့ ရေ´ ပဲ...။
တစ်ခါတစ်ခါကျ
ဒီလို ဖေးမမှုလေးတွေအပေါ် လန့်လာ...
အားငယ်နေတဲ့ အချိန်
ကိုယ့် ၀ိဥာဉ် ကို ပိုလေးစားခဲ့
ငြိမ်းမြလို့.....။

သူဖို့ ကိုယ်ဖို့ ပြောကြတာပေါ့...
သူ့ ဂရုဏာလေး အတွက်
အရိပ်ကို အရောင်တင်ထားချင်သေးတာကိုး...

ဘယ် စကားဝှက် မှ
ပြောပြစရာ မလိုပါဘူးကွယ်...
ဒီ တစ်လှမ်း အစက
အလုံးစုံ နွေးဖျပုံအပ်ခြင်း အဖြစ်သာ တွေးလိုက်ဖို့...




8th September 2009

Monday, August 26, 2013

မ နက် ခင်း





အရင်လို မနက်ခင်း ပါပဲကွယ်

ငါ့မှာ မင်းကို လွမ်းရင်းက

အိပ်မက်တ၀က် ၊ စိတ်ကူးတ၀က်

နှစ်ပေါင်း ၅၀ စာ နှေးကွေးလေးလံစိတ် တွေ နဲ့

ဟောဒီ မှောင်ရီပျပျ ...

နေရောင်ခြည် အရ နိုးထဖြစ်ခဲ့ရပါလေရော … ။    ။






6:36 AM 5th MAY 2012

LinkWithin

Related Posts Plugin for WordPress, Blogger...